တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခင်ကျောက်ပြားတို့နှင့်တူသောကျောက်ပြားနှစ်ချပ်ကို သင်ထုဆစ်လော့။ သင်ချိုးဖျက်လိုက်သော ယခင်ကျောက်ပြားတို့၌ပါသည့် နှုတ်ကပတ်တော်အတိုင်း ထိုကျောက်ပြားတို့ပေါ်၌ ငါအက္ခရာတင်ထားမည်။ နံနက်စောစော အဆင်သင့်ပြင်၍ သိနာတောင်ပေါ်သို့ တက်လာလော့။ ထိုတောင်ထိပ်တွင် ငါ့ကိုလာဖူးမြင်လော့။ သင်နှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ တက်မလာရ။ တောင်တစ်တောင်လုံး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရစေနှင့်။ သိုးအုပ်၊ နွားအုပ်တို့ကိုလည်း ဤတောင်အရှေ့ဘက်၌ မထိန်းကျောင်းရ”ဟု မိန့်တော်မူ၏။ သို့ဖြစ်၍ မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ယခင်ကျောက်ပြားတို့နှင့်တူသော ကျောက်ပြားနှစ်ချပ်ကိုထုဆစ်ပြီး နံနက်စောစောထ၍ သိနာတောင်ပေါ်သို့တက်သွား၏။ သူ၏လက်ထဲ၌လည်း ကျောက်ပြားနှစ်ချပ်ကို ယူဆောင်သွား၏။ ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။ ထာဝရဘုရားသည် သူ့ရှေ့မှဖြတ်သွား၍ “ထာဝရဘုရား၊ ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရား၊ ကျေးဇူးပြုတတ်သောဘုရား၊ စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။ မျိုးဆက်အထောင်အသောင်းတို့အား မေတ္တာကရုဏာထား၍ ကျူးလွန်သောဒုစရိုက်အပြစ်တို့ကိုခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ။ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်သည်”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ မောရှေသည် မြေပေါ်သို့ အလျင်အမြန်ဦးညွှတ်၍ ရှိခိုးကိုးကွယ်လျက် “အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
ထွက်မြောက်ရာကျမ်း 34 ကိုဖတ်ပါ။
နားထောင်ပါ။ ထွက်မြောက်ရာကျမ်း 34
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာကျမ်း 34:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ