YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 33

33
တပ်စခန်းအပြင်ဘက်ရှိတဲတော်
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား “​သင်​နှင့် အီဂျစ်​ပြည်​မှ​သင်​ထုတ်ဆောင်​ခဲ့​သော​လူ​တို့ ဤ​နေရာ​မှ​ထွက်​၍ အာဗြဟံ​၊ ဣဇက်​၊ ယာကုပ်​အား ‘​ထို​ပြည်​ကို သင်​၏​သားစဉ်မြေးဆက်​အား ငါ​ပေး​မည်​’​ဟု ငါ​ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထို​ပြည်​သို့ သွား​ကြ​လော့​။ 2ကောင်းကင်တမန်​ကို သင့်​ရှေ့​မှ ငါ​စေလွှတ်​မည်​။ ခါနာန်​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​ကို ငါ​နှင်ထုတ်​မည်​။ 3နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ သွား​လော့​။ သို့သော် သင်​နှင့်အတူ ငါ​မ​သွား​။ အကြောင်းမူကား သင်​သည် ခေါင်းမာ#33:3 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​၏​။ လမ်းခရီး​၌ သင့်​ကို ငါ​ဖျက်ဆီး​မိ​မည်​စိုး​၏​”​ဟု မိန့်​တော်မူ​၏​။ 4လူ​တို့​သည် ထို​မကောင်း​သော​သတင်း​ကို​ကြား​ကြ​သောအခါ ငိုကြွေးမြည်တမ်း​လျက် မည်သူ​မျှ မိမိ​၏​အဆင်တန်ဆာ​ကို မ​ဆင်​ဘဲ​နေ​ကြ​၏​။
5အကြောင်းမူကား ထာဝရဘုရား​က မောရှေ​အား “​အစ္စရေး​အမျိုးသား​တို့​ကို ဤသို့​ဆင့်ဆို​လော့​။ ‘​သင်​တို့​သည် ခေါင်းမာ#33:5 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​၏​။ ငါ​သည် သင်​တို့​နှင့်အတူ တစ်ခဏ​မျှ​သွား​လျှင်ပင် သင်​တို့​ကို ငါ​ဖျက်ဆီး​မိ​မည်​။ ယခု သင်​တို့​၏​ကိုယ်​ပေါ်​မှ အဆင်တန်ဆာ​ကို​ချွတ်​လော့​။ သို့မှ သင်​တို့​၌​ငါ​မည်သို့​ပြု​ရ​မည်​ကို ငါ​သိ​မည်​’ ”​ဟု မိန့်​တော်မူ​သောကြောင့်​ဖြစ်​၏​။ 6ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​သည် ဟောရပ်​တောင်​၌ မိမိ​တို့​၏​အဆင်တန်ဆာ​များ​ကို​ချွတ်​ကြ​၏​။
7မောရှေ​သည် တဲ​တော်​ကို ယူ​ပြီးလျှင် တပ်စခန်း​အပြင်ဘက်​၊ တပ်စခန်း​နှင့်​ခပ်ဝေးဝေး​၌ တဲ​တော်​ကို​ထိုး​၍ ၎င်း​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော် ဟု​ခေါ်ဝေါ်​၏​။ ထာဝရဘုရား​ကို ရှာ​သော​သူ​အပေါင်း​တို့​သည် တပ်စခန်း​အပြင်ဘက်​ရှိ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ သွား​ကြ​၏​။ 8မောရှေ​သည် တဲ​တော်​သို့ သွား​သောအခါ လူ​အပေါင်း​တို့​သည်​ထ​၍ မိမိ​တို့​၏​တဲ​အဝင်ဝ​တွင် အသီးသီး​ရပ်​လျက် တဲ​တော်​ထဲသို့ မောရှေ​ဝင်သွား​သည့်​တိုင်အောင် သူ​၏​နောက်မှ ကြည့်​နေ​ကြ​၏​။ 9မောရှေ​သည် တဲ​တော်​ထဲသို့​ဝင်သွား​သောအခါ မိုးတိမ်​တိုင်​သည်​ဆင်းလာ​၍ တဲ​တော်​အဝင်ဝ​၌ တည်​နေ​၏​။ ထို့နောက် ထာဝရဘုရား​သည် မောရှေ​နှင့်​စကားပြော​တော်မူ​၏​။ 10တဲ​တော်​အဝင်ဝ​၌​တည်​နေ​သော မိုးတိမ်​တိုင်​ကို မြင်​သည်​နှင့် လူ​အပေါင်း​တို့​သည် မိမိ​တဲ​အဝင်ဝ​၌ ရှိခိုးကိုးကွယ်​ကြ​လေ​၏​။ 11ထာဝရဘုရား​သည် မိတ်ဆွေချင်း​စကားပြော​သကဲ့သို့ မောရှေ​နှင့် မျက်နှာချင်းဆိုင်​စကားပြော​တော်မူ​၏​။ ထို့နောက် မောရှေ​သည် တပ်စခန်း​သို့ ပြန်လာ​၏​။ သူ​၏​လက်ထောက်​လူငယ်​တစ်​ဦး​ဖြစ်​သည့် နုန်​၏​သား​ယောရှု​မူကား တဲ​တော်​ထဲမှ မ​ထွက်​ဘဲ​နေရစ်​ခဲ့​၏​။
ထာဝရဘုရား၏ဘုန်းအသရေတော်
12တစ်ဖန် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က ‘​ဤ​လူ​တို့​ကို ထုတ်ဆောင်​လော့​’​ဟု အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ခဲ့​သော်လည်း အကျွန်ုပ်​နှင့်အတူ​စေလွှတ်​တော်မူ​မည့်​သူ​ကို အကျွန်ုပ်​အား သိ​စေ​တော်​မ​မူ​ပါ​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို အမည်​နှင့်တကွ​သိ​၏​။ ငါ​သည် သင့်​ကို မျက်နှာသာ​ပေး​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​ပါ​၏​။ 13ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။
14ထိုအခါ ကိုယ်တော်​က “​ငါ​ကိုယ်တိုင်#33:14 တိုက်ရိုက်ပြန်ဆိုလျှင် “ငါ့မျက်နှာ”။​ကြွ​မည်​။ သင့်​ကို သက်သာ​ခွင့်​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။
15မောရှေ​က​လည်း “​ကိုယ်တော်တိုင်#33:15 တိုက်ရိုက်ပြန်ဆိုလျှင် “ကိုယ်တော့်မျက်နှာ”။ ကြွ​တော်​မ​မူ​လျှင် အကျွန်ုပ်​တို့​ကို ဤ​နေရာ​မှ သွား​စေ​တော်​မ​မူ​ပါ​နှင့်​။ 16အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ကြောင်း​ကို မည်သို့​သိ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ကြွ​တော်မူ​သော​အားဖြင့်​သာ မ​ဟုတ်​လော​။ ဤသို့ဖြင့် အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အပေါင်း​တို့​နှင့် ကွဲပြားခြားနား​ပါ​မည်​”​ဟု ကိုယ်တော်​အား​လျှောက်​လေ​၏​။
17ထာဝရဘုရား​က မောရှေ​အား “​သင်​လျှောက်​သော ဤ​စကား​အတိုင်း ငါ​ပြု​မည်​။ အကြောင်းမူကား သင်​သည် ငါ့​ရှေ့​၌​မျက်နှာရ​၍ ငါ​သည် သင့်​ကို​အမည်​နှင့်တကွ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။
18ထိုအခါ မောရှေ​က “​ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို အကျွန်ုပ်​အား ပြ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။
19ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်#33:19 တိုက်ရိုက်ပြန်ဆိုလျှင် “သင့်ရှေ့၌ဖြတ်သွားစေမည်”။​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”#ရော 9:15။​ဟု မိန့်​တော်မူ​၏​။ 20တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။ 21ထို့ပြင် ထာဝရဘုရား​က “​ငါ့​အနီး​၌​ရှိ​သော​နေရာ​၊ ကျောက်ဆောင်​ပေါ်တွင် သင်​ရပ်​ရ​မည်​။ 22ငါ​၏​ဘုန်းအသရေ​ဖြတ်သွား​စဉ် သင့်​ကို ထို​ကျောက်ဆောင်​၏​အက်ကွဲကြောင်း​၌ ထား​၍ ငါ​ကျော်လွန်​သွား​သည်​အထိ သင့်​ကို ငါ့​လက်​ဖြင့် အုပ်မိုး​ထား​မည်​။ 23ငါ့​လက်​ကို​ရုပ်သိမ်း​သောအခါ သင်​သည် ငါ့​ကျော​ကို​သာ မြင်​ရ​လိမ့်မည်​။ ငါ့​မျက်နှာ​ကို​ကား မြင်​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 33: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။