YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 33:12-23

ထွက်မြောက်ရာကျမ်း 33:12-23 MSBU

တစ်ဖန် မောရှေ​က ထာဝရဘုရား​အား “​ကိုယ်တော်​က ‘​ဤ​လူ​တို့​ကို ထုတ်ဆောင်​လော့​’​ဟု အကျွန်ုပ်​အား မိန့်ဆို​တော်မူ​ခဲ့​သော်လည်း အကျွန်ုပ်​နှင့်အတူ​စေလွှတ်​တော်မူ​မည့်​သူ​ကို အကျွန်ုပ်​အား သိ​စေ​တော်​မ​မူ​ပါ​။ သို့သော် ကိုယ်တော်​က ‘​ငါ​သည် သင့်​ကို အမည်​နှင့်တကွ​သိ​၏​။ ငါ​သည် သင့်​ကို မျက်နှာသာ​ပေး​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​ပါ​၏​။ ယခု အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါလျှင် အကျွန်ုပ်​အား ကိုယ်တော်​၏​လမ်းခရီး​ကို သိ​စေ​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် ကိုယ်တော်​ကို​သိ​မည်​ဖြစ်၍ ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ပါ​လိမ့်မည်​။ ဤ​လူမျိုး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​သည်​ကို ဆင်ခြင်​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။ ထိုအခါ ကိုယ်တော်​က “​ငါ​ကိုယ်တိုင်​ကြွ​မည်​။ သင့်​ကို သက်သာ​ခွင့်​ပေး​မည်​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​က​လည်း “​ကိုယ်တော်တိုင် ကြွ​တော်​မ​မူ​လျှင် အကျွန်ုပ်​တို့​ကို ဤ​နေရာ​မှ သွား​စေ​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ မျက်နှာရ​ကြောင်း​ကို မည်သို့​သိ​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​တို့​နှင့်အတူ ကိုယ်တော်​ကြွ​တော်မူ​သော​အားဖြင့်​သာ မ​ဟုတ်​လော​။ ဤသို့ဖြင့် အကျွန်ုပ်​နှင့်​ကိုယ်တော်​၏​လူမျိုး​တော်​သည် ကမ္ဘာမြေ​ပေါ်​ရှိ​လူ​အပေါင်း​တို့​နှင့် ကွဲပြားခြားနား​ပါ​မည်​”​ဟု ကိုယ်တော်​အား​လျှောက်​လေ​၏​။ ထာဝရဘုရား​က မောရှေ​အား “​သင်​လျှောက်​သော ဤ​စကား​အတိုင်း ငါ​ပြု​မည်​။ အကြောင်းမူကား သင်​သည် ငါ့​ရှေ့​၌​မျက်နှာရ​၍ ငါ​သည် သင့်​ကို​အမည်​နှင့်တကွ​သိ​၏​”​ဟု မိန့်​တော်မူ​၏​။ ထိုအခါ မောရှေ​က “​ကိုယ်တော်​၏​ဘုန်းအသရေ​တော်​ကို အကျွန်ုပ်​အား ပြ​တော်မူ​ပါ​”​ဟု လျှောက်​လေ​၏​။ ထာဝရဘုရား​က​လည်း “​ငါ​၏​ကောင်းမြတ်​ခြင်း​အလုံးစုံ​တို့​ကို မျက်ဝါးထင်ထင်​သင်​မြင်​ရ​မည်​။ ထာဝရဘုရား​၏​နာမ​ကို သင့်​ရှေ့​၌ ကြေညာ​မည်​။ ငါ​ကျေးဇူးပြု​လို​သော​သူ​ကို ကျေးဇူးပြု​မည်​။ ငါ​သနား​လို​သော​သူ​ကို သနား​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ငါ့​ကို​မြင်​သော​သူ​သည် အသက်​မ​ရှင်​ရ​။ သို့ဖြစ်၍ သင်​သည် ငါ့​မျက်နှာ​ကို မ​မြင်​နိုင်​”​ဟု မိန့်​တော်မူ​၏​။ ထို့ပြင် ထာဝရဘုရား​က “​ငါ့​အနီး​၌​ရှိ​သော​နေရာ​၊ ကျောက်ဆောင်​ပေါ်တွင် သင်​ရပ်​ရ​မည်​။ ငါ​၏​ဘုန်းအသရေ​ဖြတ်သွား​စဉ် သင့်​ကို ထို​ကျောက်ဆောင်​၏​အက်ကွဲကြောင်း​၌ ထား​၍ ငါ​ကျော်လွန်​သွား​သည်​အထိ သင့်​ကို ငါ့​လက်​ဖြင့် အုပ်မိုး​ထား​မည်​။ ငါ့​လက်​ကို​ရုပ်သိမ်း​သောအခါ သင်​သည် ငါ့​ကျော​ကို​သာ မြင်​ရ​လိမ့်မည်​။ ငါ့​မျက်နှာ​ကို​ကား မြင်​ရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။