YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 3:1-12

ထွက်မြောက်ရာကျမ်း 3:1-12 MSBU

မောရှေ​သည် မိမိ​ယောက္ခမ မိဒျန်​ယဇ်ပုရောဟိတ်​ယေသရော​၏​သိုးဆိတ်​တို့​ကို ထိန်းကျောင်း​နေ​စဉ် သူ​သည် သိုးဆိတ်​တို့​ကို တောကန္တာရ​အနောက်ဘက်​သို့​နှင်​သွား​ရာ ဟောရပ် ဟု​ခေါ်​သော​ဘုရားသခင်​၏​တောင်​သို့ ရောက်​လေ​၏​။ ထိုအခါ ထာဝရဘုရား​၏​ကောင်းကင်တမန်​သည် မောရှေ​အား ချုံပုတ်​အလယ် မီး​လျှံ​ထဲမှ ကိုယ်​ထင်ရှားပြ​လေ​၏​။ မောရှေ​ကြည့်​လိုက်​သောအခါ ချုံပုတ်​သည် မီး​တောက်လောင်​နေ​သော်လည်း ကျွမ်းသွား​ခြင်း​မ​ရှိ​သည်​ကို မြင်​လျှင် မောရှေ​က “​အဘယ်ကြောင့် ချုံပုတ်​ကျွမ်းသွား​ခြင်း​မ​ရှိ​သနည်း​။ ဤ​ထူးဆန်း​သော​အရာ​ကို ငါ​သွား​ကြည့်​မည်​”​ဟု ဆို​၏​။ ချုံပုတ်​ကို​ကြည့်​ရန် မောရှေ​သွား​သည်​ကို ထာဝရဘုရား​မြင်​တော်မူ​၏​။ ဘုရားသခင်​က “​မောရှေ​၊ မောရှေ​”​ဟု ချုံပုတ်​ထဲ​မှ​ခေါ်​လျှင် မောရှေ​က “​အကျွန်ုပ်​ရှိ​ပါ​သည်​”​ဟု ထူး​လေ​၏​။ ဘုရားသခင်​က “​ဤ​နေရာ​သို့​မ​ချဉ်းကပ်​နှင့်​။ သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ဘုရားသခင်​က “​ငါ​သည် သင့်​ဖခင်​၏​ဘုရား​၊ အာဗြဟံ​၏​ဘုရား​၊ ဣဇက်​၏​ဘုရား​၊ ယာကုပ်​၏​ဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။ မောရှေ​သည် ဘုရားသခင်​ကို​မကြည့်ဝံ့​သဖြင့် မိမိ​မျက်နှာ​ကို ဖုံးကွယ်​ထား​လေ​၏​။ ထာဝရဘုရား​က “​အီဂျစ်​ပြည်​၌​ရှိ​သော​ငါ့​လူမျိုး​တော်​ခံရ​သည့် ဖိစီးနှိပ်စက်မှု​ကို အမှန်တကယ် ငါ​မြင်​ပြီ​။ အဓမ္မ​စေခိုင်း​သူ​များ​ကြောင့် သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​ကို​လည်း ငါ​ကြား​ပြီ​။ အကယ်စင်စစ် သူ​တို့​၏​ဒုက္ခဝေဒနာ​များ​ကို ငါ​သိ​ပြီ​။ ထို့ကြောင့် အီဂျစ်​လူမျိုး​တို့​လက်​မှ သူ​တို့​ကို​ကယ်နုတ်​၍ သူ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ပြီး ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး ယေဗုသိ​လူမျိုး တို့​နေထိုင်​ရာ​အရပ်​ဖြစ်​သည့် ကောင်းမွန်​ကျယ်ဝန်း​သော​ပြည်​၊ နို့​နှင့်​ပျားရည်​စီး​သော​ပြည်​သို့ ပို့ဆောင်​ရန် ငါ​ကြွလာ​ပြီ​။ ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။ ထို့ကြောင့် သင့်​ကို ဖာရော​မင်းကြီး​ထံသို့ ငါ​စေလွှတ်​၏​။ သင်​သွား​၍ ငါ​၏​လူမျိုး​တော် အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။ သို့သော် မောရှေ​က ဘုရားသခင်​အား “​အကျွန်ုပ်​သည် မည်သို့​သော​သူ​ဖြစ်၍ ဖာရော​မင်းကြီး​ထံ​သွား​ပြီး အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ရ​မည်နည်း​”​ဟု လျှောက်​လေ​၏​။ ဘုရားသခင်​က “​အကယ်စင်စစ် သင်​နှင့်အတူ​ငါ​ရှိ​မည်​။ သင်​သည် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​ပြီးလျှင် ဤ​တောင်​ပေါ်၌ သင်​တို့​သည် ဘုရားသခင်​ကို ဝတ်ပြု​ရ​ကြ​လိမ့်မည်​။ ဤသည်ကား သင့်​ကို ငါ​စေလွှတ်​ကြောင်း လက္ခဏာသက်သေ​ဖြစ်​သည်​”​ဟု မိန့်​တော်မူ​၏​။