YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 21

21
1အစ္စရေး​အမျိုးသား​တို့​ရှေ့မှောက်​၌ ပြဋ္ဌာန်း​ရ​မည့်​စီရင်ထုံးဖွဲ့ချက်​များ​ကား ဤသို့​တည်း​။
ကျွန်နှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်များ
2ဟေဗြဲ​လူမျိုး​ကျွန်​တစ်​ယောက်​ကို​ဝယ်​လျှင် သူ​သည် ခြောက်​နှစ်​အစေခံ​၍ ခုနစ်​နှစ်​မြောက်​၌ အဖိုးအခမပေး​ဘဲ လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ရှိ​၏​။ 3တစ်ယောက်တည်း​ရောက်လာ​လျှင် တစ်ယောက်တည်း​ထွက်သွား​ရ​မည်​။ သူ​သည် မယား​ရှိ​သော​သူ​ဖြစ်လျှင် သူ​၏​မယား​သည် သူ​နှင့်အတူ​ထွက်သွား​ရ​မည်​။ 4ထို​သူ​၌ သခင်​ပေးစား​သော​မယား​ရှိ​၍ သူ့​အတွက် သား​သမီး​များ​ကို​မွေးဖွား​ပေး​လျှင် ထို​မယား​နှင့်​သားသမီး​များ​ကို သခင်​ပိုင်​သည်​ဖြစ်၍ ထို​သူ​သည် တစ်ယောက်တည်း​ထွက်သွား​ရ​မည်​။
5အကယ်၍ ထို​ကျွန်​က ‘​အကျွန်ုပ်​၏​သခင်​၊ အကျွန်ုပ်​၏​မယား​နှင့်​သားသမီး​များ​ကို အကျွန်ုပ်​ချစ်​ပါ​၏​။ လွတ်လပ်​သော​သူ​အဖြစ် အကျွန်ုပ်​မ​ထွက်သွား​လို​ပါ​’​ဟု ပြတ်ပြတ်သားသား​ပြောဆို​လျှင် 6သခင်​သည် သူ့​အား ဘုရားသခင်​၏​ရှေ့​တော်​သို့​ခေါ်ဆောင်​လာ​ရ​မည်​။ သူ့​အား တံခါး​၊ သို့မဟုတ် တံခါးတိုင်​သို့​ခေါ်ဆောင်​လာ​၍ သခင်​သည် သူ​၏​နားရွက်​ကို စူး​ဖြင့်​ဖောက်​ရ​မည်​။ သူ​သည် အစဉ်အမြဲ​အစေခံ​ရ​မည်​။
7တစ်စုံတစ်ဦး​သည် မိမိ​၏​သမီး​ကို ကျွန်​အဖြစ်​ရောင်း​လျှင် ထို​ကျွန်မ​သည် ကျွန်ယောက်ျား​ထွက်သွား​သကဲ့သို့ မ​ထွက်သွား​ရ​။ 8သခင်​သည် ထို​ကျွန်မ​ကို မိမိ​အတွက်​ရွေးချယ်​ပြီးမှ မနှစ်မြို့​လျှင် ကျွန်မ​အား သူ့​ကိုယ်​သူ ပြန်ရွေး​ခွင့်​ပေး​ရ​မည်​။ သခင်​သည် သူ့​အပေါ် သစ္စာမဲ့​သည်​ဖြစ်၍ တစ်ပါးအမျိုးသား​အား ရောင်း​ခွင့်​မ​ရှိ​။ 9ထိုသို့​မ​ဟုတ်​ဘဲ ထို​ကျွန်မ​ကို မိမိ​သား​အတွက် ရွေးချယ်​လျှင် သမီး​နှင့်ဆိုင်သော​စီရင်ထုံးဖွဲ့ချက်​အတိုင်း သူ​၌ ပြု​ရ​မည်​။ 10ထို​သူ​သည် နောက်ထပ်​မိန်းမ​ယူ​လျှင် ယခင်မိန်းမ​အား အစားအစာ​၊ အဝတ်အထည်​နှင့် မယားရပိုင်ခွင့်​တို့​ကို မ​လျှော့​ရ​။ 11အကယ်၍ ဤ​သုံး​ချက်​ကို​မ​ပြု​ပေး​လျှင် ထို​မိန်းမ​သည် အဖိုးအခ​ငွေ​မ​ပေး​ဘဲ​ထွက်သွား​ခွင့်​ရှိ​၏​။
လူကိုထိခိုက်နာကျင်စေမှုဆိုင်ရာစီရင်ထုံးဖွဲ့ချက်များ
12လူ​ကို​သေ​အောင်​ရိုက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။ 13သို့ရာတွင် သူ​သည် မ​ရည်ရွယ်​ဘဲ သူ့​လက်​၌​ဘုရားသခင်​အပ်​သဖြင့် လူ​ကို​သတ်​မိ​လျှင် ထို​သူ​ထွက်ပြေး​ရ​မည့်​နေရာ​ကို ငါ​သတ်မှတ်​ပေး​မည်​။ 14တစ်စုံတစ်ဦး​သည် မိမိ​၏​အိမ်နီးချင်း​ကို တမင်သက်သက်​ကြံစည်​သတ်ဖြတ်​လျှင် ထို​သူ​သည် သေဒဏ်​ခံ​ရန် ငါ​၏​ယဇ်ပလ္လင်​တော်​မှ​ပင်​ဖြစ်စေကာမူ သူ့​ကို​ဆွဲထုတ်​သွား​ရ​မည်​။
15မိမိ​၏​မိခင်​ကို​ဖြစ်စေ​၊ ဖခင်​ကို​ဖြစ်စေ ရိုက်နှက်​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။
16မည်သူမဆို လူ​ကို​ခိုးယူ​ပြီး ရောင်းစား​လိုက်​သည်​ဖြစ်စေ​၊ လက်ဝယ်​တွေ့ရှိ​သည်​ဖြစ်စေ မုချ​အသတ်​ခံရ​မည်​။
17ကိုယ့်​မိဘ​ကို ကျိန်ဆဲ​သော​သူ​သည် မုချ​အသတ်​ခံရ​မည်​။#မ 15:4၊ မာ 7:10။
18အချင်းချင်း​ရန်ဖြစ်​ကြ​၍ တစ်​ဦး​က အခြား​တစ်​ဦး​အား ကျောက်တုံး​နှင့်​ထု​သည်​ဖြစ်စေ​၊ လက်သီး​နှင့်​ထိုး​သည်​ဖြစ်စေ ခံရ​သူ​သည်​မ​သေ​သော်လည်း အိပ်ရာ​ထဲ၌​လဲ​နေ​လျှင်​လည်းကောင်း​၊ 19အပြင်​၌​တောင်ဝှေး​ဖြင့် လမ်း​ထ​လျှောက်​နိုင်​လျှင်​လည်းကောင်း ပြု​သူ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​ရ​မည်​။ သို့သော် ခံရ​သူ အလုပ်ပျက်​သွား​သည့်​အချိန်​အတွက် သူ့​အား နစ်နာကြေး​ပေး​၍ လုံးလုံး​ပျောက်ကင်း​သည့်​တိုင်အောင်​ကုသ​ပေး​ရ​မည်​။
20တစ်စုံတစ်ဦး​သည် မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို တုတ်​ဖြင့်​ရိုက်နှက်​စဉ်တွင် ထို​ကျွန်​သေ​လျှင် ထို​သူ​သည် မုချ​အပြစ်ဒဏ်​ခံရ​မည်​။ 21တစ်ရက်​၊ သို့မဟုတ် နှစ်​ရက်​အသက်ရှင်​လျှင် ထို​ကျွန်​ကို သူ​ပိုင်​သောကြောင့် အပြစ်ဒဏ်​မ​ခံရ​။
22အချင်းချင်း​ရန်ဖြစ်​၍ ကိုယ်ဝန်ဆောင်​မိန်းမ​ကို​ရိုက်​မိ​သဖြင့် ကိုယ်ဝန်ပျက်ကျ​သော်လည်း အန္တရာယ်​မ​ဖြစ်​လျှင် သူ​၏​ယောက်ျား​တောင်းဆို​သည့်​အတိုင်း မုချ​ဒဏ်ဆောင်​ရ​မည်​။ တရားစီရင်ချက်​များ​အတိုင်း ပေး​ရ​မည်​။ 23အကယ်၍ အန္တရာယ်​ဖြစ်​လျှင် အသက်​အတွက် အသက်​၊ 24မျက်စိ​အတွက် မျက်စိ​၊ သွား​အတွက် သွား​၊#မ 5:38။ လက်​အတွက် လက်​၊ ခြေ​အတွက် ခြေ​၊ 25မီးလောင်​ခြင်း​အတွက် မီးလောင်​ခြင်း​၊ ထိခိုက်ဒဏ်ရာ​အတွက် ထိခိုက်ဒဏ်ရာ​၊ ပွန်းပဲ့ဒဏ်ရာ​အတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်​ရ​မည်​။
26တစ်စုံတစ်ဦး​သည် မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​၏​မျက်စိ​ကို​ထိုး​၍ သူ​၏​မျက်စိ​ပျက်စီး​သွား​လျှင် သူ​၏​မျက်စိ​အတွက် သူ့​ကို​လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ပြု​ရ​မည်​။ 27ထိုနည်းတူ မိမိ​ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​၏​သွား​ကို​ကျိုး​စေ​လျှင် သူ​၏​သွား​အတွက် သူ့​ကို​လွတ်လပ်​သော​သူ​အဖြစ် ထွက်သွား​ခွင့်​ပြု​ရ​မည်​။
28နွား​သည် ယောက်ျား​၊ သို့မဟုတ် မိန်းမ တစ်စုံတစ်ယောက်​ကို​ဝှေ့​သဖြင့် ထို​သူ​သေ​လျှင် နွား​ကို ခဲ​နှင့်​မုချ​ပေါက်သတ်​ရ​မည်​။ ထို​နွား​၏​အသား​ကို​မ​စား​ရ​။ ပိုင်ရှင်​မူကား အပြစ်​ကင်းလွတ်​၏​။ 29ထို​နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း ပိုင်ရှင်​ကို​သတိပေး​သော်လည်း ထို​နွား​ကို​မ​ထိန်းသိမ်း​သဖြင့် လူ​ယောက်ျား​၊ သို့မဟုတ် လူ​မိန်းမ​ကို​ဝှေ့သတ်​လျှင် ထို​နွား​ကို ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ ပိုင်ရှင်​သည်​လည်း သေဒဏ်​ခံရ​မည်​။ 30အကယ်၍ သူ့​အား​လျော်ကြေး​တောင်း​မည်​ဆို​လျှင် တောင်း​သမျှ​ကို သူ​သည် မိမိ​အသက်​ကို​ရွေးနုတ်​သော​အဖိုးအခ​အဖြစ် ပေး​ရ​မည်​။ 31အကယ်၍ သား​၊ သို့မဟုတ် သမီး တစ်ယောက်ယောက်​ကို​ဝှေ့​လျှင်​လည်း ဤ​စီရင်ထုံးဖွဲ့ချက်​အတိုင်း ပိုင်ရှင်​ကို စီရင်​ရ​မည်​။
32နွား​သည် ကျွန်ယောက်ျား​၊ သို့မဟုတ် ကျွန်မိန်းမ​ကို​ဝှေ့​လျှင် ထို​ကျွန်​၏​သခင်​အား ငွေ​ရှယ်ကယ်​သုံးဆယ်#21:32 “22.5 ကျပ်သား သို့မဟုတ် 345 ဂရမ်”။​ပေး​ရ​မည်​။ နွား​ကို​လည်း ခဲ​နှင့်​ပေါက်သတ်​ရ​မည်​။ 33တစ်စုံတစ်ဦး​သည် ဖုံးထား​သော​တွင်း​ကို​ဖွင့်​ထား​လျှင်​ဖြစ်စေ​၊ တွင်း​ကို​တူး​၍ မ​ဖုံး​ဘဲ​ထား​လျှင်​ဖြစ်စေ ထို​တွင်း​ထဲသို့ နွား​၊ သို့မဟုတ် မြည်း​တစ်ကောင်ကောင်​ကျ​လျှင် 34တွင်း​ပိုင်ရှင်​သည် တိရစ္ဆာန်​ပိုင်ရှင်​အား ငွေ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။
35တစ်စုံတစ်ဦး​၏​နွား​သည် မိမိ​အိမ်နီးချင်း​၏​နွား​ကို ဝှေ့​သတ်​လျှင် ရှင်​သော​နွား​ကို​ရောင်း​၍ ငွေ​ကို​ခွဲယူ​ကြ​ရ​မည်​။ သေ​သော​အကောင်​ကို​လည်း ခွဲယူ​ကြ​ရ​မည်​။ 36သို့ရာတွင် နွား​သည် ယခင်​ကတည်းက ဝှေ့​တတ်​သော​နွား​ဖြစ်ကြောင်း​သိ​သော်လည်း ပိုင်ရှင်​သည် ထို​နွား​ကို မ​ထိန်းသိမ်း​လျှင် နွား​တစ်​ကောင်​အတွက် နွား​တစ်​ကောင်​ကို မုချ​အလျော်ပေး​ရ​မည်​။ သေ​သော​အကောင်​ကို​ကား သူ​ပိုင်​၏​။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 21: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ