YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 13

13
1တစ်ဖန် ထာဝရဘုရား​က မောရှေ​အား 2“​အစ္စရေး​အမျိုးသား​တို့​တွင် လူ​ဖြစ်စေ​၊ တိရစ္ဆာန်​ဖြစ်စေ သားအိမ်​တိုင်း​မှ​အဦးဆုံး​ထွက်လာ​သော​သားဦး​တိုင်း​ကို ငါ​ပိုင်​၏​။#ထွ 13:12,15၊ လု 2:23။ ငါ့​အတွက် သန့်ရှင်း​စေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။
3ထို့နောက် မောရှေ​က အစ္စရေး​လူမျိုး​တို့​အား “​ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သော ဤ​နေ့ရက်​ကို အောက်မေ့​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ဤ​အရပ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ တဆေးပါသောမုန့်​ကို​မ​စား​ရ​။ 4အဗိဗ​လ​၊ ဤ​နေ့ရက်​၌ သင်​တို့​ထွက်လာ​ကြ​၏​။ 5ထာဝရဘုရား​သည် သင်​တို့​ကို​ပေး​မည်​ဟု သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​တည်းဟူသော ခါနာန်​လူမျိုး​၊ ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး​တို့​၏​ပြည်​သို့ သင်​တို့​ကို​ပို့ဆောင်​တော်မူ​သောအခါ သင်​တို့​သည် ဤ​လ​၌ ဤ​ပွဲ​ကို ကျင်းပ​ရ​မည်​။ 6ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​၍ သတ္တမ​နေ့​၌ ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​ရ​မည်​။ 7ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​သာ​စား​ရ​မည်​။ သင်​တို့​၌ တဆေးပါသောမုန့်​ကို​မ​တွေ့​ရ​စေ​နှင့်​။ သင်​တို့​၏​နယ်မြေ​တစ်ခွင်လုံး​တွင် တဆေး​ကို​လည်း မ​တွေ့​ရ​စေ​နှင့်​။ 8သင်​တို့​သည် ထို​နေ့​၌ သင်​တို့​၏​သားမြေး​များ​အား ‘​အီဂျစ်​ပြည်​မှ ငါ​တို့​ထွက်လာ​သောအခါ ငါ​တို့​အတွက် ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သော​အမှု​ကြောင့် ဤသို့​ပြု​ခြင်း​ဖြစ်​၏​’​ဟူ၍ ကြားပြော​ရ​မည်​။ 9ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သောကြောင့် ထာဝရဘုရား​၏​တရားတော်​သည် သင်​တို့​၏​နှုတ်​၌​တည်​မည့်​အကြောင်း သင်​တို့​အတွက် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌#13:9 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်ရစရာ​အဖြစ် ရှိ​ရ​မည်​။ 10သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤ​ပြဋ္ဌာန်းချက်​ကို သတ်မှတ်​ထား​သော​အချိန်​၌ သင်​တို့​စောင့်ထိန်း​ရ​မည်​။
11ထာဝရဘုရား​သည် သင်​တို့​နှင့်​သင်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင်​တို့​ကို ခါနာန်​လူမျိုး​တို့​၏​ပြည်​သို့ ပို့ဆောင်​၍ ထို​ပြည်​ကို သင်​တို့​အား​ပေး​တော်မူ​သောအခါ 12သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​သူ​ရှိသမျှ​နှင့် သင်​တို့​၏​တိရစ္ဆာန်​များ​မှ အဦးဆုံး​ပေါက်​သော​သားပေါက်​ရှိသမျှ​တို့​ကို ထာဝရဘုရား​အား ဆက်ကပ်​ရ​မည်​။ အထီး​ဟူသမျှ ထာဝရဘုရား​ပိုင်​တော်မူ​၏​။#ထွ 13:2,15၊ လု 2:23။ 13မြည်း​မှ​အဦးဆုံး​ပေါက်​သော​အကောင်​ရှိသမျှ​ကို သိုးသငယ်​ဖြင့်​ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို​ချိုး​ရ​မည်​။ သင်​တို့​၏​သား​များ​ထဲမှ သားဦး​တိုင်း​ကို​ပြန်ရွေး​ရ​မည်​။
14နောင်ကာလ​၌ သင်​တို့​၏​သား​များ​က ‘​ဤ​အမှု​ကား မည်သို့​ဆိုလို​သနည်း​’​ဟု သင်​တို့​အား မေးမြန်း​ကြ​သောအခါ သင်​တို့​က​လည်း ‘​ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ 15ဖာရော​မင်းကြီး​သည် ငါ​တို့​ကို လွှတ်ပေး​ရန် ငြင်းဆန်​သောအခါ ထာဝရဘုရား​သည် လူ​တို့​၏​သားဦး​မှစ၍ တိရစ္ဆာန်​တို့​၏​သားဦး​တိုင်အောင် အီဂျစ်​ပြည်​၌​ရှိ​သော​သားဦး​အားလုံး​ကို ကွပ်မျက်​တော်မူ​၏​။ ထို့ကြောင့် သားအိမ်​မှ​အဦးဆုံး​ထွက်လာ​သော​အထီး​ရှိသမျှ​တို့​ကို ငါ​တို့​သည် ထာဝရဘုရား​အား​ယဇ်ပူဇော်​ရ​၏​။ ငါ​တို့​၏​သားယောက်ျား​များ​ထဲမှ သားဦး​ရှိသမျှ​တို့​ကို ပြန်ရွေး​ရ​၏​’#ထွ 13:2,12၊ လု 2:23။​ဟု သူ​တို့​အား ပြန်ပြော​ရ​မည်​။ 16ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​သောကြောင့် ဤ​အမှု​သည် သင်​တို့​၏​လက်​၌ အမှတ်လက္ခဏာ​၊ သင်​တို့​၏​မျက်မှောင်​၌#13:16 တိုက်ရိုက်ပြန်ဆိုလျှင် “သင်တို့၏မျက်စိကြား၌”။ အမှတ်သင်္ကေတ​အဖြစ် ရှိ​ရ​မည်​”​ဟု ပြောကြား​လေ​၏​။
အစ္စရေးလူမျိုးတို့ထွက်ခွာလာရာခရီးလမ်း
17အစ္စရေး​လူမျိုး​တို့​ကို ဖာရော​မင်းကြီး​လွှတ်ပေး​သောအခါ ဘုရားသခင်​က “ဤ​လူမျိုး​သည် စစ်မှု​နှင့်​တွေ့​လျှင် စိတ်ပြောင်းသွား​၍ အီဂျစ်​ပြည်​သို့ ပြန်သွား​လိမ့်မည်”​ဟု ဆို​ပြီး ဖိလိတ္တိ​ပြည်​ဘက်​သွား​သော​လမ်း​သည် နီး​သော်လည်း သူ​တို့​အား ထို​လမ်း​ဖြင့်​ပို့ဆောင်​တော်​မ​မူ​ပေ​။ 18ဘုရားသခင်​သည် ဤ​လူမျိုး​ကို ပင်လယ်နီ​ဘက်​မှ ကွေ့ဝိုက်​သော​တောကန္တာရ​လမ်း​ဖြင့် ပို့ဆောင်​တော်မူ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် စစ်အခင်းအကျင်း​ဖြင့် အီဂျစ်​ပြည်​ထဲမှ​ထွက်သွား​ကြ​၏​။
19မောရှေ​သည် ယောသပ်​၏​အရိုး​များ​ကို မိမိ​နှင့်အတူ ယူဆောင်​သွား​၏​။ အကြောင်းမူကား ယောသပ်​က အစ္စရေး​အမျိုးသား​တို့​အား “​ဘုရားသခင်​သည် သင်​တို့​ကို အမှန်ပင်​အကြည့်အရှု​ကြွလာ​တော်မူ​မည်​။ ထိုအခါ ငါ​၏​အရိုး​တို့​ကို သင်​တို့​နှင့်အတူ ဤ​ပြည်​မှ ယူဆောင်​သွား​ရ​မည်​”​ဟု ဆို​လျက် ကြပ်ကြပ်​ကျိန်ဆို​စေ​ခဲ့​သောကြောင့်​ဖြစ်​၏​။
20သူ​တို့​သည် သုကုတ်​အရပ်​မှ ထွက်လာ​၍ တောကန္တာရ​အစွန်း​ရှိ ဧသံ​အရပ်​၌ စခန်းချ​ကြ​၏​။ 21နေ့အချိန်​၌​ဖြစ်စေ​၊ ညအချိန်​၌​ဖြစ်စေ ခရီးသွား​နိုင်​မည့်​အကြောင်း ထာဝရဘုရား​သည် လမ်းခရီး​တွင် သူ​တို့​ကို​ပို့ဆောင်​ရန် နေ့အချိန်​၌ မိုးတိမ်​တိုင်​အဖြစ်​လည်းကောင်း​၊ ညအချိန်​၌ သူ​တို့​ကို​အလင်းပေး​ရန် မီး​တိုင်​အဖြစ်​လည်းကောင်း သူ​တို့​၏​ရှေ့​မှ ကြွ​တော်မူ​၏​။ 22နေ့အချိန်​၌ မိုးတိမ်​တိုင်​၊ ညအချိန်​၌ မီး​တိုင်​ကို လူ​တို့​၏​ရှေ့​မှ ရုပ်သိမ်း​တော်​မ​မူ​ပေ​။#ထွ 14:22,29၊ ၁ကော 10:1။

လက်ရှိရွေးချယ်ထားမှု

ထွက်မြောက်ရာကျမ်း 13: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။