YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာကျမ်း 12:31-42

ထွက်မြောက်ရာကျမ်း 12:31-42 MSBU

ထို့ကြောင့် ဖာရော​မင်းကြီး​သည် မောရှေ​နှင့်​အာရုန်​တို့​ကို ညတွင်းချင်း​ဆင့်ခေါ်​၍ “​သင်​တို့​မှစ၍ အစ္စရေး​အမျိုးသား​တို့​ပါ ထ​၍ ငါ​၏​လူမျိုး​ထဲ​မှ ထွက်သွား​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း ထာဝရဘုရား​အား သွား​၍​ဝတ်ပြု​ကြ​လော့​။ သင်​တို့​လျှောက်ထား​သည့်​အတိုင်း သင်​တို့​၏​သိုးဆိတ်​များ​၊ နွား​များ​ကို ယူ​၍​သွား​ကြ​လော့​။ ငါ့​ကို​လည်း ကောင်းချီးပေး​ကြ​လော့​”​ဟု ဆို​လေ​၏​။ အီဂျစ်​လူမျိုး​တို့​က “​ငါ​တို့​အားလုံး​သေ​ကုန်​လိမ့်မည်​”​ဟု ဆို​လျက် အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​ပြည်​ထဲမှ အလျင်အမြန်​ထွက်သွား​ကြ​စေရန် နှိုးဆော်​ကြ​၏​။ ထို့ကြောင့် အစ္စရေး​လူမျိုး​တို့​သည် တဆေး​မ​ဖောက်​ရ​သေး​သော​မုန့်နှစ်​ကို​ယူ​၍ မုန့်နယ်ခွက်​နှင့်အတူ အဝတ်​ဖြင့်​ထုပ်​၍ မိမိ​တို့​၏​ပခုံး​ပေါ်​ထမ်းသွား​ကြ​၏​။ အစ္စရေး​အမျိုးသား​တို့​သည် မောရှေ​၏​စကား​အတိုင်း​ပြု​ကြ​၏​။ အီဂျစ်​လူမျိုး​တို့​ထံမှ ရွှေ​ထည်​ငွေ​ထည်​များ​နှင့် အဝတ်အစား​များ​ကို တောင်း​ကြ​၏​။ ထာဝရဘုရား​သည်​လည်း အစ္စရေး​လူမျိုး​တို့​ကို အီဂျစ်​လူမျိုး​တို့​ရှေ့မှောက်​၌ မျက်နှာရ​စေ​တော်မူ​သဖြင့် သူ​တို့​တောင်း​သော​အရာ​များ​ကို​ပေး​ကြ​၏​။ ဤသို့ဖြင့် သူ​တို့​သည် အီဂျစ်​လူမျိုး​တို့​ထံမှ သိမ်းယူ​ကြ​လေ​၏​။ ကလေး​များ​အပြင် အစ္စရေး​အမျိုးသား ယောက်ျား​ခြောက်သိန်း​ခန့်​တို့​သည် ရာမသက်​အရပ်​မှ သုကုတ်​အရပ်​တိုင်အောင် ခြေကျင်​ခရီးပြု​ကြ​၏​။ အခြား​လူမျိုး​များစွာ​တို့​နှင့် သိုးဆိတ်​များ​၊ နွား​များ စသည့် အလွန်​များ​သော​တိရစ္ဆာန်​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ထွက်သွား​ကြ​၏​။ အီဂျစ်​ပြည်​မှ​နှင်ထုတ်​ခံရ​စဉ်က သူ​တို့​သည်​အချိန်​မ​ရ​သဖြင့် မိမိ​တို့​အတွက်​စားနပ်ရိက္ခာ​ကို​ပင် မ​ပြင်ဆင်​နိုင်​ကြ​။ ထို့ကြောင့် အီဂျစ်​ပြည်​မှ​ယူဆောင်​လာ​သည့် တဆေး​မ​ဖောက်​ထား​သော မုန့်နှစ်​ဖြင့် တဆေးမဲ့​မုန့်ပြား​ကို​သာ ဖုတ်စား​ကြ​ရ​၏​။ အီဂျစ်​ပြည်​၌ အစ္စရေး​အမျိုးသား​တို့ နေထိုင်​ခဲ့​ကြ​သော​အချိန်​ကာလ​မှာ နှစ်ပေါင်း လေး​ရာ့​သုံးဆယ်​ဖြစ်​၏​။ နှစ်ပေါင်း​လေး​ရာ့​သုံးဆယ်​ပြည့်​သော​နေ့​၌​ပင် ထာဝရဘုရား​၏​လူစု​အပေါင်း​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​ခဲ့​ကြ​၏​။ ထို​ည​သည် အီဂျစ်​ပြည်​မှ သူ​တို့​ကို​ထုတ်ဆောင်​ရန် ထာဝရဘုရား​စောင့်စား​ခဲ့​သော​ည​ဖြစ်​၏​။ ထို​ည​သည် အစ္စရေး​အမျိုးသား​အပေါင်း​တို့ မျိုးဆက်​အစဉ်အဆက်​ထာဝရဘုရား​အဖို့ စောင့်ထိန်း​ရ​သော​ည​ဖြစ်​၏​။