YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 8

8
ဂျူးလူမျိုးတို့အတွက် ဧသတာအသနားခံတောင်းလျှောက်ခြင်း
1ထို​နေ့​တွင်ပင် အာရွှေရု​မင်းကြီး​သည် ဂျူး​လူမျိုး​တို့​၏​ရန်သူ​ဟာမန်​၏​အိမ်​ကို မိဖုရား​ဧသတာ​အား ပေး​လေ​၏​။ ဧသတာ​က မော်ဒကဲ​သည် မိမိ​နှင့်​မည်သို့​တော်စပ်​သည်​ကို လျှောက်တင်​ရာ ရှင်ဘုရင်​က မော်ဒကဲ​အား ရှေ့​တော်​သို့​ခစား​ခွင့်​ပေး​လေ​၏​။ 2ရှင်ဘုရင်​သည် ဟာမန်​ထံမှ ပြန်သိမ်းယူ​ထား​သော တံဆိပ်တုံးလက်စွပ်​ကို​ချွတ်​၍ မော်ဒကဲ​အား ပေး​လေ​၏​။ ဧသတာ​သည်​လည်း ဟာမန်​၏​အိမ်​ကို မော်ဒကဲ​အား ကြီးကြပ်​ကွပ်ကဲ​စေ​၏​။
3ထို့ပြင် ဧသတာ​သည် ရှင်ဘုရင်​၏​ခြေရင်း​တွင် ပျပ်ဝပ်​လျက် ဂျူး​လူမျိုး​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​ရန် အာဂတ်​လူမျိုး လူယုတ်မာ​ဟာမန် ကြံစည်​သော​အကြံအစည်​ကို ဖယ်ရှား​ပေး​ပါ​မည့်​အကြောင်း ငိုကြွေး​လျက် အသနားခံ​လျှောက်ထား​လေ​၏​။ 4ရှင်ဘုရင်​သည် ဧသတာ​အား ရွှေ​ရာဇလှံတံ​ကို ကမ်းပေး​သဖြင့် ဧသတာ​သည်​ထ​၍ ရှင်ဘုရင်​ရှေ့​တွင် ရပ်​လျက် 5“​အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​၍ ကျွန်တော်မျိုးမ​ကို မျက်နှာသာ​ပေး​မည်​ဆိုလျှင်​လည်းကောင်း​၊ ဤ​အမှု​လျောက်ပတ်​သည်​ဟု​ထင်​၍ ကျွန်တော်မျိုးမ​ကို အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင်​လည်းကောင်း အရှင်မင်းကြီး​ပိုင်​နယ်မြေဒေသ​အသီးသီး​ရှိ​ဂျူး​လူမျိုး​တို့​ကို သုတ်သင်ပယ်ရှင်း​မည်​ဟု အာဂတ်​လူမျိုး​၊ ဟမ္မေဒါသ​၏​သား​ဟာမန် မကောင်းကြံစည်​၍ ရေးသား​သည့်​အမိန့်စာ​ကို ပြန်လည်​ရုပ်သိမ်း​မည့်​အကြောင်း အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ 6ကျွန်တော်မျိုးမ​၏​လူမျိုး​အပေါ်​ကျရောက်​မည့်​ဘေးဆိုး​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​။ ကျွန်တော်မျိုးမ​၏​ဆွေမျိုးသားချင်း​တို့ ဖျက်ဆီး​ခံရ​မည်​ကို အဘယ်သို့ ကြည့်​နေ​နိုင်​ပါ​မည်နည်း​”​ဟု လျှောက်တင်​လေ​၏​။
7ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​နှင့် ဂျူး​လူမျိုး​မော်ဒကဲ​အား “​ဟာမန်​သည် ဂျူး​လူမျိုး​တို့​ကို လုပ်ကြံ​သတ်ဖြတ်​ရန် ကြံစည်​သောကြောင့် သူ့​ကို သစ်တိုင်​မှာ​ဆွဲထား​စေ​လေ​ပြီ​။ ဟာမန်​၏​အိမ်​ကို​လည်း ဧသတာ​အား ပေးအပ်​လေ​ပြီ​။ 8ဘုရင့်​နာမည်​နှင့် ရေးသား​ထား​၍ ဘုရင့်​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ထား​သော​စာ​ကို​မူ အဘယ်သူ​မျှ​ပြန်လည်​ရုပ်သိမ်း​ခွင့်​မ​ရှိ​သည်​ဖြစ်၍ သင်​တို့​ကောင်း​မည်​ထင်​သည့်​အတိုင်း ဂျူး​လူမျိုး​တို့​နှင့်​ပတ်သက်​သော​အမိန့်စာ​ကို ဘုရင့်​နာမည်​နှင့် ရေးသား​၍ ဘုရင့်​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ကြ​လော့​”​ဟု မိန့်ဆို​၏​။
9သိဝန်​ဟု​ခေါ်​သော တတိယ​လ​၊ နှစ်ဆယ့်​သုံး​ရက်​နေ့​တွင် ရှင်ဘုရင်​၏​စာရေးတော်​များ​ကို ဆင့်ခေါ်​၍ အိန္ဒိယ​ပြည်​မှ အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​၌​ရှိ​သော ဂျူး​လူမျိုး​များ​၊ အုပ်ချုပ်ရေး​အရာရှိ​များ​၊ ဘုရင်ခံ​များ​နှင့် အကြီးအကဲ​များ​ထံသို့ အမိန့်စာ​ကို​ရေးသားပေးပို့​စေ​၏​။ ထို​စာ​ကို ဒေသ​အလိုက် သူ့​စာပေ​၊ လူမျိုး​အလိုက်​သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း​၊ ဂျူး​လူမျိုး​အတွက်​လည်း သူ့​စာပေ​၊ သူ့​ဘာသာစကား​ဖြင့်​လည်းကောင်း မော်ဒကဲ​ပြောကြား​သမျှ​အတိုင်း ရေးသား​၏​။ 10ထို​စာ​ကို အာရွှေရု​မင်းကြီး​၏​နာမည်​နှင့် ရေးသား​၍ ဘုရင်​၏​တံဆိပ်တုံးလက်စွပ်​နှင့် ခတ်နှိပ်​ပြီးလျှင် ခြေမြန်​တော်​တို့​အား ဘုရင့်​မြင်းဇောင်း​တွင်​မွေး​ထား​သော​၊ အပြေးမြန်​သော​မြင်း​တို့​ကို​စီး​စေ​၍ ပေးပို့​စေ​၏​။ 11ထို​စာ​တွင် ရှင်ဘုရင်​က မြို့ရွာ​အသီးသီး​ရှိ ဂျူး​လူမျိုး​တို့​သည် စုရုံး​၍ ကိုယ့်​အသက်​ကို​ကာကွယ်​ရန်​နှင့် ဂျူး​လူမျိုး​တို့​ကို​ရန်ပြု​သည့် မည်သည့်​လူမျိုး​၊ မည်သည့်​ဒေသ​မှ​စစ်သည်​တို့​ကို​မဆို သူ​တို့​နှင့် သူ​တို့​၏​မိန်းမ​များ​၊ သူ​တို့​၏​ကလေး​များ​ပါ​မ​ကျန် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ပစ်​၍ သူ​တို့​၏​ဥစ္စာပစ္စည်း​များ​ကို​လည်း သိမ်းယူ​ရန် ခွင့်ပြု​၏​။ 12ထို​အမှု​ကို အာရွှေရု​မင်းကြီး​ပိုင် နယ်မြေ​အားလုံး​ထဲ၌ အာဒါ​လ​ဟု​ခေါ်​သော​တစ်ဆယ့်​နှစ်​လ​၊ တစ်ဆယ့်​သုံး​ရက်​နေ့ တစ်နေ့ချင်း​တွင် ပြု​ရ​မည်​ဟု ပါရှိ​၏​။
13ဤသို့ဖြင့် ထို​နေ့ရက်​တွင် ဂျူး​လူမျိုး​တို့ အဆင်သင့်​ဖြစ်​လျက် ရန်သူ​များ​ကို​တုံ့ပြန်​နိုင်​အောင် ထို​စာ​၏​မိတ္တူ​ကို အမိန့်​တော်​စာ​အဖြစ် နယ်မြေဒေသ​အသီးသီး​ရှိ လူမျိုး​အားလုံး​ထံသို့ ထုတ်ပြန်​ကြေညာ​စေ​၏​။ 14ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ခြေမြန်​တော်​တို့​သည် တော်ဝင်​မြင်း​များ​ကို ဒုန်းစိုင်း​စီး​ထွက်သွား​ကြ​၏​။ ထို​အမိန့်စာ​ကို ရှုရှန်​နန်းတော်​တွင်​လည်း ကြေညာ​၏​။
15မော်ဒကဲ​သည် အပြာရောင်​နှင့်​အဖြူရောင်​ချည်ချောထည် မင်းအဝတ်တန်ဆာ​ဝတ်ဆင်​၍ ရွှေသရဖူ​ကြီးကို​ဆောင်း​လျက်​၊ ခရမ်းရောင်​ပိတ်ချော​ဝတ်လုံ​ကို​ခြုံ​လျက် ဘုရင့်​ထံမှ​ထွက်လာ​သောအခါ ရှုရှန်​နန်းတော်​တစ်ခုလုံး ဝမ်းမြောက်​စွာ ကြွေးကြော်​ကြ​လေ​၏​။ 16ဂျူး​လူမျိုး​တို့​အဖို့ ထွန်းလင်းတောက်ပ​ခြင်း​၊ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​၊ ဂုဏ်ကျက်သရေ​ရှိ​ခြင်း ဖြစ်​လေ​၏​။ 17ဘုရင့်​စာ​၊ ဘုရင့်​အမိန့်​ရောက်ရှိ​သော နယ်မြေဒေသ​အသီးသီး​ရှိ မြို့ရွာ​တိုင်း​တွင် ဂျူး​လူမျိုး​တို့ ဝမ်းမြောက်​ပျော်ရွှင်​ကြ​ပြီး နေ့ထူးနေ့မြတ်​အဖြစ် စားသောက်ပွဲ​ကျင်းပ​ကြ​၏​။ ပြည်သား​အမြောက်အမြား​တို့​သည် ဂျူး​လူမျိုး​တို့​ကို ကြောက်ရွံ့​သဖြင့် ဂျူး​လူမျိုး​အဖြစ် ခံယူ​ကြ​၏​။

လက်ရှိရွေးချယ်ထားမှု

ဧသတာဝတ္ထု 8: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ