YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 2:12-18

ဧသတာဝတ္ထု 2:12-18 MSBU

အပျိုတော်​တို့​အတွက် အလှပြင်​သော​အချိန်​မှာ မုရန်​ဆီ​ဖြင့်​ခြောက်​လ​၊ အမွှေးနံ့သာ​နှင့် အလှပြင်​ပစ္စည်း​တို့​ဖြင့် ခြောက်​လ​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အလှပြင်​ချိန် တစ်ဆယ့်​နှစ်​လ​ပြည့်​ပြီးမှ​သာ အပျိုတော်​တို့​သည် အာရွှေရု​မင်းကြီး​ထံသို့ အလှည့်ကျ​ဝင်​ကြ​ရ​၏​။ ရှင်ဘုရင်​ထံသို့​ဝင်​ရ​သောအခါ အပျိုတော်​သည် အလိုရှိ​သမျှ​ကို​တောင်းယူ​၍ အပျိုတော်​နန်းဆောင်​မှ ဘုရင့်​နန်းဆောင်​သို့ ယူသွား​ခွင့်​ရှိ​၏​။ နေဝင်ချိန်​တွင် ရှင်ဘုရင်​ထံ​ဝင်​၍ နံနက်​ရောက်​လျှင် ပြန်​ထွက်လာ​ပြီး ရံရွှေတော်​ထိန်း ဘုရင့်​နန်းတွင်း​မိန်းမစိုး​ရှာရှဂါဇ​အုပ်ထိန်း​သော နောက်​မောင်းမဆောင်​တစ်​ခု​တွင် နေ​ရ​၏​။ ရှင်ဘုရင်​နှစ်သက်​၍ နာမည်​နှင့်​မ​ခေါ်​မ​ချင်း ရှင်ဘုရင်​ထံ ထပ်၍​မ​ဝင်​ရ​။ မော်ဒကဲ​က မိမိ​သမီး​သဖွယ်​စောင့်ရှောက်​ထား​သော မော်ဒကဲ​၏​ဘထွေး​အဘိဟဲလ​၏​သမီး​ဧသတာ​သည် ရှင်ဘုရင်​ထံ​ဝင်​ရ​မည့်​အလှည့်​ရောက်လာ​၏​။ သူ​သည် မည်သည့်​အရာ​ကို​မျှ မ​တောင်းဆို​ဘဲ နန်းတွင်း​မိန်းမစိုး အပျိုတော်အုပ်​ဟေဂဲ အကြံပေး​သည့်​အတိုင်း​သာ သွား​၏​။ ဧသတာ​ကို တွေ့မြင်​သမျှ​သော​သူ​တို့​သည် သူ့​ကို သဘောကျ​နှစ်သက်​ကြ​၏​။ ဤသို့ဖြင့် အာရွှေရု​မင်းကြီး​နန်းစံ သတ္တမ​နှစ်​၊ တေဗက်​လ​ဟု​ခေါ်​သော ဒသမ​လ​တွင် ဧသတာ​ကို ဘုရင့်​နန်းဆောင်​သို့ ခေါ်သွင်း​လေ​၏​။ ရှင်ဘုရင်​သည် အခြား​အပျိုတော်​တို့​ထက် ဧသတာ​ကို ချစ်​၏​။ ထို့ကြောင့် ဧသတာ​သည် အခြား​အပျိုတော်​တို့​ထက် မျက်နှာသာရ​၍ မေတ္တာကရုဏာ​ကို ခံရ​၏​။ ထို့ပြင် ရှင်ဘုရင်​သည် သူ့​ခေါင်း​ပေါ်၌ တော်ဝင်​သရဖူ​ကို​ဆောင်းပေး​၍ ဝါရှတိ​အစား သူ့​ကို မိဖုရား​မြှောက်​လေ​၏​။ ထို့နောက် ရှင်ဘုရင်​သည် မှူးမတ်​နှင့်​မင်းမှုထမ်း အပေါင်း​တို့​ပါ​သော စားသောက်ပွဲ​ကြီး​ကို ကျင်းပ​၏​။ ဤ​ပွဲ​သည် ဧသတာ​အတွက်​ကျင်းပ​သော​ပွဲ​ဖြစ်​၏​။ မိမိ​ပိုင်နက်​တစ်ဝန်းလုံး​တွင် ထို​နေ့​ကို အားလပ်ရက်​အဖြစ်​သတ်မှတ်​၍ တော်ဝင်​လက်ဆောင်​များ​ကို​လည်း ရက်ရက်ရောရော​ပေးကမ်း​လေ​၏​။