YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာဝတ္ထု 1:1-22

ဧသတာဝတ္ထု 1:1-22 MSBU

အာရွှေရု​မင်းကြီး​လက်ထက်​တွင် ဖြစ်ပျက်​သော​အရာ​များ​ကား ဤသို့​ဖြစ်​၏​။ အာရွှေရု​မင်းကြီး​သည် အိန္ဒိယ​ပြည်​မှ​အီသီယိုးပီးယား​ပြည်​တိုင်အောင် ပြည်ထောင်​တစ်ရာ​နှစ်ဆယ့်​ခုနစ်​ပြည်​ကို စိုးစံ​လေ​၏​။ ထို​ကာလ​တွင် အာရွှေရု​မင်းကြီး​သည် ရှုရှန်​နန်းတော် ရာဇပလ္လင်​ထက်​တွင် နန်းထိုင်​၏​။ နန်းစံ​တတိယ​နှစ်​တွင် မင်းကြီး​သည် မိမိ​၏​မှူးမတ်​နှင့် မင်းမှုထမ်း​အပေါင်း​တို့​အတွက် စားသောက်ပွဲ​ကို​ကျင်းပ​လေ​၏​။ ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​စစ်သည်ဗိုလ်ပါ​များ​၊ ပြည်တကာ​တို့​မှ မင်းညီမင်းသား​များ​နှင့် မှူးမတ်​များ​လည်း သူ​နှင့်အတူ ပွဲခံ​ကြ​၏​။ ထို​ပွဲ​တွင် မင်းကြီး​သည် မိမိ​နိုင်ငံ​တော်​၏​ဘုန်း​စည်းစိမ်​၊ မိမိ​၏​ကြီးမြတ်​သော​ဂုဏ်​အရှိန်အဝါ​တို့​ကို ရက်ပေါင်း​တစ်ရာ့​ရှစ်ဆယ်​တိုင်တိုင် ရက်​များစွာ​ခင်းကျင်း​ပြသ​လေ​၏​။ ထို​နေ့ရက်​စေ့​ပြီးနောက် မင်းကြီး​သည် ရှုရှန်​နန်းတော်​အတွင်း အကြီးဆုံး​မှစ၍​အငယ်ဆုံး​တိုင်အောင် ရှိသမျှ​လူ​အပေါင်း​တို့​အတွက် ဘုရင့်​နန်းတော်​ဥယျာဉ်​ဝင်း​တွင် ခုနစ်​ရက်​တိုင်တိုင်​စားသောက်ပွဲ​ကျင်းပ​ပေး​၏​။ အဖြူရောင်​၊ အပြာရောင်​ချည်ချော​ကန့်လန့်ကာ​တို့​ကို ခရမ်းရောင်​ချည်ချော​ကြိုး​တို့​ဖြင့် ချည်​၍​ငွေ​ကွင်း​တပ်​ထား​သော​စကျင်ကျောက်​တိုင်​၌ ချည်ဆွဲ​ထား​၏​။ ကျောက်နီ​၊ စကျင်ကျောက်​၊ ကျောက်ဖြူ​၊ ကျောက်နက်​တို့​ခင်း​ထား​သော​တလင်းပြင်​ပေါ်တွင် ရွှေ​ညောင်စောင်း​၊ ငွေ​ညောင်စောင်း​များ ခင်းကျင်း​ထား​၏​။ စပျစ်ဝိုင်​ကို ရွှေ​ခွက်​များ​ဖြင့်​တိုက်​၏​။ ရွှေ​ခွက်​များ​မှာ​လည်း တစ်ခွက်​နှင့်​တစ်ခွက်​မတူ​။ မင်းကြီး​သည် တော်ဝင်​စပျစ်ဝိုင်​ကို ရက်ရက်ရောရော အလျှံပယ်​တိုက်​၏​။ လူတိုင်း စပျစ်ဝိုင်​ကို စိတ်တိုင်းကျ​သောက်​ခွင့်​ပြု​ရန် နန်းတော်​အရာရှိ​အပေါင်း​တို့​အား မှာကြား​ထား​သည်​ဖြစ်​၍ ထို​အမိန့်​တော်​အတိုင်း လွတ်လွတ်လပ်လပ် သောက်​ရ​ကြ​၏​။ မိဖုရား​ဝါရှတိ​သည်​လည်း အာရွှေရု​မင်းကြီး​၏​တော်ဝင်​နန်းတွင်း​တွင် မောင်းမမိဿံ​များ​အတွက် စားသောက်ပွဲ​ကျင်းပ​ပေး​၏​။ ခုနစ်​ရက်​မြောက်​သော​နေ့​တွင် အာရွှေရု​မင်းကြီး​သည် စပျစ်ဝိုင်​အရှိန်​ကြောင့် စိတ်မြူး​လာ​ပြီး မိမိ​ရှေ့​တော်​၌​ခစား​သော မိန်းမစိုး​ခုနစ်​ဦး​ဖြစ်​ကြ​သည့် မဟုမန်​၊ ဗိဇသ​၊ ဟာဗောန​၊ ဗိဂသ​၊ အဗာဂသ​၊ ဇေသာ​နှင့် ကာကက် တို့​ကို​ခေါ်​၍ မိဖုရား​ဝါရှတိ​၏​အလှ​ကို လူ​အများ​နှင့်​မှူးမတ်​များ​ရှေ့​တွင် ပွဲထုတ်​ပြသ​ရန် သူ့​အား တော်ဝင်​သရဖူ​ဆောင်း​စေ​၍ ဘုရင့်​ရှေ့​တော်​သို့​ခေါ်လာ​စေ​၏​။ မိဖုရား​သည် ရုပ်ဆင်းသွင်ပြင်​လှပ​သော​သူ​ဖြစ်​၏​။ သို့သော် မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့်​မိန့်မှာ​လိုက်​သည့် ရှင်ဘုရင်​အမိန့်​ကို​ငြင်းဆန်​ပြီး မ​လာ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် အမျက်ထွက်​၍ ဒေါသ​မီး​တောက်လောင်​လေ​၏​။ ရှင်ဘုရင်​သည် ဥပဒေ​စီရင်ထုံး​ကို​နားလည်​သူ​အပေါင်း​တို့​နှင့် တိုင်ပင်​လေ့​ရှိ​၏​။ ထို့ကြောင့် ရှင်ဘုရင်​သည် ကာလ​ဒေသ​ကို​သိနားလည်​သော ပညာရှိ​အမတ်​များ​နှင့် ဆွေးနွေးတိုင်ပင်​လေ​၏​။ ရှင်ဘုရင်​ရှေ့​တော်​တွင် ခစား​ရ​ပြီး နိုင်ငံ​တော်​၌ အမြင့်ဆုံး​ရာထူး​ရရှိ​ထား​သူ​၊ ရှင်ဘုရင်​နှင့်​အနီးကပ်​နေ​ရ​သူ​များ​မှာ ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​အကြီးအကဲ​ခုနစ်​ဦး​ဖြစ်​သော ကာရှေန​၊ ရှေသာ​၊ အာဒမာသ​၊ တာရှု​၊ မေရက်​၊ မာသေန​၊ မမုကန်​တို့​ဖြစ်​ကြ​၏​။ ရှင်ဘုရင်​က သူ​တို့​အား “​မိဖုရား​ဝါရှတိ​သည် မိန်းမစိုး​တို့​မှတစ်ဆင့် အာရွှေရု​မင်းကြီး​မိန့်မှာ​သည့်​အမိန့်​ကို​မ​နာခံ​သောကြောင့် သူ့​အား ဥပဒေ​အရ မည်သို့​ပြု​ရ​မည်နည်း​”​ဟု မေး​၏​။ ထိုအခါ မမုကန်​က ရှင်ဘုရင်​နှင့် မှူးမတ်​တို့​ရှေ့​တွင် “​မိဖုရား​ဝါရှတိ​သည် အရှင်မင်းကြီး​ကို​သာ ငြင်းဆန်​သည်​မ​ဟုတ်​။ မှူးမတ်​အားလုံး​နှင့် အရှင်မင်းကြီး​အာရွှေရု​၏​ပြည်​တစ်ပြည်လုံး​ရှိ ပြည်သူပြည်သား​အားလုံး​တို့​ကို​လည်း ဆန့်ကျင်​လေ​ပြီ​။ မိဖုရား​၏​အပြုအမူ​ကို မိန်းမ​အပေါင်း​တို့​ကြားသိ​လျှင် ‘အာရွှေရု​မင်းကြီး​သည် မိဖုရား​ဝါရှတိ​ကို ရှေ့မှောက်​သို့ အခစားဝင်​စေ​သည်​ကို​ပင် သူ​မ​ဝင်’​ဟု ပြောဆို​ကြ​ပြီး ကိုယ့်​ခင်ပွန်း​ကို မထီမဲ့မြင်ပြု​ကြ​လိမ့်မည်​။ ယနေ့​လည်း မိဖုရား​၏​အပြုအမူ​ကို​ကြားသိ​ကြ​သော ပါးရှား​ပြည်​နှင့် မေဒိ​ပြည်​မှ​အကြီးအကဲ​ကတော်​တို့​သည် အရှင်မင်းကြီး​ခန့်ထား​သော​အကြီးအကဲ​အပေါင်း​တို့​ကို ထို​အတိုင်း ပြောဆို​ဆက်ဆံ​ကြ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ မထီလေးစားပြု​ခြင်း​နှင့် အမျက်ထွက်​ခြင်း​တို့ များပြား​လာ​ပါ​လိမ့်မည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​စိတ်​တော်​နှင့်​တွေ့​လျှင် မိဖုရား​ဝါရှတိ​သည် အာရွှေရု​မင်းကြီး​ရှေ့​တော်​သို့​မည်သည့်​အခါ​မျှ အခစား​မ​ဝင်​ရ​ဟု ရာဇ​အမိန့်​ထုတ်ပြန်​တော်မူ​ပါ​။ သူ့​အရိုက်အရာ​ကို သူ့​ထက်​သာ​သော​အခြားသူ​တစ်​ယောက်​အား အရှင်မင်းကြီး​လွှဲပေး​တော်မူ​ပါ​။ ဤ​အမိန့်​ကို​ပယ်ဖျက်​၍​မ​ရ​အောင် ပါးရှား​ပြည်​နှင့်​မေဒိ​ပြည်​တို့​၏​ဥပဒေ​တွင် ရေးမှတ်​စေ​တော်မူ​ပါ​။ အရှင်မင်းကြီး​ချမှတ်​သော​အမိန့်​ကို ကျယ်ပြော​လှ​သော​နိုင်ငံ​တစ်ဝန်းလုံး​သို့ ကြေညာ​လျှင် အယုတ်အလတ်အမြတ်မရွေး မိန်းမ​အပေါင်း​တို့​သည် ကိုယ့်​ယောက်ျား​ကို ကိုယ်​ရိုသေနာခံ​ကြ​လိမ့်မည်”​ဟု လျှောက်တင်​လေ​၏​။ ထို​စကား​ကို ရှင်ဘုရင်​နှင့်​မှူးမတ်​တို့ သဘောကျ​နှစ်သက်​သဖြင့် ရှင်ဘုရင်​သည် မမုကန်​ပြော​သည့်​အတိုင်း ပြု​၏​။ ယောက်ျား​တိုင်း ကိုယ့်​အိမ်ထောင်​ကို​ဦးစီး​ရ​မည်​။ ကိုယ့်​လူမျိုး​၏​ဘာသာစကား​ကို​သာ ပြောဆို​ရ​မည် ဟူသော​အမိန့်စာ​ကို နယ်မြေဒေသ​အလိုက် သူ့​စာပေ​၊ သူ့​လူမျိုး​၏​ဘာသာစကား​အတိုင်း ရှင်ဘုရင်​ပိုင်​နယ်မြေဒေသ​အားလုံး​သို့ ပေးပို့​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။