YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 5:20-33

ဧဖက်ဩဝါဒစာ 5:20-33 MSBU

အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။ ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။ ဇနီးသည်​တို့၊ သခင်​ဘုရား​ကို​နာခံ​သကဲ့သို့ မိမိ​၏​ခင်ပွန်းသည်​ကို နာခံ​ကြ​လော့။ အကြောင်းမူကား ခရစ်တော်​သည် အသင်းတော်​တည်းဟူသော​ကိုယ်ခန္ဓာ​တော်​၏​ကယ်တင်ရှင်​ဖြစ်​တော်မူ​ပြီး ထို​အသင်းတော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​သကဲ့သို့ ခင်ပွန်းသည်​သည်​လည်း ဇနီးသည်​၏​ဦးခေါင်း​ဖြစ်​၏။ အသင်းတော်​သည် ခရစ်တော်​ကို​နာခံ​သကဲ့သို့ ဇနီးသည်​တို့​သည်​လည်း အရာရာ​၌ ခင်ပွန်းသည်​ကို​နာခံ​ကြ​ရ​မည်။ ခင်ပွန်းသည်​တို့၊ ခရစ်တော်​သည် အသင်းတော်​ကို​ချစ်​၍ အသင်းတော်​အတွက် မိမိကိုယ်ကို​စွန့်​တော်မူ​သည့်​နည်းတူ ဇနီးသည်​ကို ချစ်​ကြ​လော့။ ခရစ်တော်​သည် ထိုသို့​ပြု​ခြင်း​မှာ ရေ​နှင့်ဆိုင်သော​ဆေးကြော​ခြင်း​အားဖြင့် နှုတ်ကပတ်တော်​၌ အသင်းတော်​ကို သန့်ရှင်း​စင်ကြယ်​စေ​ရန်​နှင့် အစွန်းအထင်း၊ အတွန့်အရှုံ့​မှစ၍ ထိုသို့သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ​ဘဲ သန့်ရှင်း​၍ အပြစ်​အနာအဆာ​ကင်း​သည့် ဂုဏ်သရေ​ရှိ​သော​အသင်းတော်​ကို မိမိ​အား​ဆက်သ​နိုင်​ရန်​အတွက်​ဖြစ်​၏။ ထိုနည်းတူ ခင်ပွန်းသည်​တို့​သည်​လည်း မိမိ​တို့​၏​ဇနီးသည်​ကို မိမိ​တို့​ကိုယ်ခန္ဓာ​ကဲ့သို့ ချစ်​ကြ​ရ​မည်။ မိမိ​၏​ဇနီးသည်​ကို ချစ်​သော​သူ​သည် မိမိကိုယ်ကို​ချစ်​သော​သူ​ဖြစ်​၏။ အကြောင်းမူကား မိမိ​ကိုယ်ခန္ဓာ​ကို​မုန်း​သော​သူ​ဟူ၍ တစ်ယောက်​မျှ​မ​ရှိ​ဖူး​ချေ။ ခရစ်တော်​သည် အသင်းတော်​အား​ပြု​တော်မူ​သကဲ့သို့ လူတိုင်း မိမိ​ကိုယ်ခန္ဓာ​ကို​ပြုစု​ပျိုးထောင်​၍ ယုယ​မြတ်နိုး​တတ်​၏။ အဘယ်ကြောင့်​ဆိုသော် ငါ​တို့​သည် ခရစ်တော်​၏​ကိုယ်ခန္ဓာ​ဆိုင်ရာ အင်္ဂါ​အစိတ်အပိုင်း​များ​ဖြစ်​ကြ​၏။ ထို​အကြောင်း​ကြောင့် ယောက်ျား​သည် မိခင်​နှင့်​ဖခင်​တို့​ကို​စွန့်ခွာ​၍ မိမိ​မယား​နှင့်​ပေါင်းဖက်​သဖြင့် ထို​သူ​နှစ်​ဦး​တို့​သည် တစ်သားတစ်ကိုယ်တည်း​ဖြစ်​ကြ​လိမ့်မည်။ ဤ​အရာ​သည် အလွန်​လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ထိုသို့ဆိုသော် ခရစ်တော်​နှင့်​အသင်းတော်​ကို​ရည်ညွှန်း​၍ ငါ​ဆို​၏။ မည်သို့ပင်ဖြစ်စေ သင်​တို့​တစ်ဦးစီ​သည်​လည်း မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ဇနီးသည်​ကို ချစ်​ကြ​လော့။ ဇနီးသည်​တို့​သည်​လည်း မိမိ​ခင်ပွန်းသည်​ကို ရိုသေ​ကြ​လော့။