YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 5:1-21

ဧဖက်ဩဝါဒစာ 5:1-21 MSBU

ထို့ကြောင့် ချစ်​တော်မူ​သော​သားသမီး​များ​အဖြစ် ဘုရားသခင်​ကို အတုယူ​သူ​များ​ဖြစ်​ကြ​လော့။ ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ အမျိုးမျိုး​သော​ညစ်ညူး​ခြင်း​နှင့် လောဘ​လွန်ကျူး​ခြင်း​တို့​ကို သန့်ရှင်း​သူ​များ​ရှောင်​သင့်​သည့်​အတိုင်း သင်​တို့​ထဲတွင် စကား​ဖြင့်​ပင် မ​ပြော​ကြ​နှင့်။ မဖွယ်မရာ​ပြုမူ​ခြင်း၊ မိုက်မဲ​စွာ​ပြောဆို​ခြင်း​နှင့် ညစ်ညမ်း​သော​ပြက်လုံး​ထုတ်​ခြင်း​တို့​သည်​လည်း မ​သင့်လျော်​သဖြင့် ရှောင်ရှား​၍ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို​သာ ပြု​ကြ​လော့။ တရားနှင့်မညီ​မေထုန်ပြု​သူ၊ ညစ်ညူး​သော​သူ၊ ရုပ်တု​ကိုးကွယ်​သူ​ဖြစ်​သော လောဘ​လွန်ကျူး​သူ​တစ်စုံတစ်ဦး​မျှ ခရစ်တော်​နှင့်​ဘုရားသခင်​၏​နိုင်ငံ​တော်​ကို အမွေ​ဆက်​ခံရ​မည်​မ​ဟုတ်​ကြောင်း ကောင်းစွာ​သိမှတ်​ကြ​လော့။ အချည်းနှီး​သော​စကား​တို့​ဖြင့် မည်သူမျှ သင်​တို့​ကို မ​လှည့်ဖြား​စေ​နှင့်။ အကြောင်းမူကား ဤ​အမှု​များ​ကြောင့် ဘုရားသခင်​၏​အမျက်​တော်​သည် နာခံ​မှု​မ​ရှိ​သော​သူ​တို့​အပေါ်သို့ သက်ရောက်​လာ​၏။ ထို့ကြောင့် သူ​တို့​နှင့်အတူ ပေါင်းဖော်​ခြင်း​မ​ပြု​ကြ​နှင့်။ အဘယ်ကြောင့်​ဆိုသော် တစ်ချိန်က သင်​တို့​သည် အမှောင်​ဖြစ်​ခဲ့​သော်လည်း ယခု​အခါ သခင်​ဘုရား​၌ အလင်း​ဖြစ်​ကြ​၏။ အလင်း​၏​သားသမီး​များ​ကဲ့သို့ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ အကြောင်းမူကား အလင်း​၏​အသီးအပွင့်​သည် အလုံးစုံ​သော​ကောင်းမြတ်​ခြင်း၊ ဖြောင့်မတ်​ခြင်း​နှင့် မှန်ကန်​ခြင်း​တို့​ဖြစ်​ကြ​၏။ သခင်​ဘုရား​နှစ်သက်​တော်မူ​သော​အရာ​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ပိုင်းခြား​သိရှိ​ကြ​လော့။ အကျိုးမဲ့​သော​မှောင်မိုက်​ခြင်း​၏​အမှု​တို့​၌ မ​ပါဝင်​ကြ​သည်​သာမက ထို​အမှု​တို့​၏​အပြစ်​ကို ဖော်ပြ​ကြ​လော့။ အကြောင်းမူကား ဆိတ်ကွယ်​ရာ​၌ သူ​တို့​ပြု​နေ​သော​အရာ​များ​ကို ပြောဆို​ရန်​ပင် ရှက်ဖွယ်​ကောင်း​၏။ သို့သော် အလင်း​အားဖြင့် အပြစ်​ဖော်ပြ​ခြင်း​ခံရ​သော​အရာ​အားလုံး​သည် ထင်ရှား​လာ​၏။ အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။ ထို့ကြောင့် သင်​တို့​သည် မည်သို့​အသက်ရှင်​လျှောက်လှမ်း​သည်​ကို သေချာ​စွာ​ဆင်ခြင်​ကြ​လော့။ ပညာမဲ့​ကဲ့သို့​မ​ဟုတ်​ဘဲ ပညာရှိ​ကဲ့သို့ လျှောက်လှမ်း​၍ နေ့ရက်​ကာလ​တို့​သည် ဆိုးညစ်​သောကြောင့် အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။ အပျော်ကြူး​ခြင်း​ကို​ဖြစ်​စေ​သည့် စပျစ်​ဝိုင်​ယစ်မူး​ခြင်း​မ​ရှိ​ဘဲ ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​ကြ​လော့။ ဆာလံ​သီချင်း​များ၊ ဓမ္မ​သီချင်း​များ​နှင့် ဝိညာဉ်ရေး​ဆိုင်ရာ​သီချင်း​များ​ကို အချင်းချင်း​မြွက်ဆို​လျက် သခင်​ဘုရား​ထံသို့ သင်​တို့​၏​စိတ်နှလုံး​ထဲမှ သီဆို​ကျူးဧ​ကြ​လော့။ အရာ​ခပ်သိမ်း​တို့​အတွက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ခမည်းတော်​ဖြစ်​တော်မူ​သော​ဘုရားသခင်​ကို အစဉ်​ကျေးဇူးတင်​ကြ​လော့။ ခရစ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​စိတ်​ဖြင့် အချင်းချင်း​နာခံ​ကြ​လော့။

​ဧဖက်ဩဝါဒစာ 5:1-21 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။