YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက်ဩဝါဒစာ 2:2-22

ဧဖက်ဩဝါဒစာ 2:2-22 MSBU

အာကာသ​နှင့်ဆိုင်သော​အာဏာစက်​ကို စွဲကိုင်​အုပ်ချုပ်​သူ​တည်းဟူသော နာခံ​မှု​မ​ရှိ​သော​သူ​တို့​ထဲ၌ ယခု​အလုပ်​လုပ်​နေ​သည့် ဝိညာဉ်​အလို​အတိုင်း ဤ​လောက​၏​လမ်းစဉ်​နှင့်အညီ ထို​အပြစ်​များ​တွင် အသက်ရှင်​လျှောက်လှမ်း​ခဲ့​ကြ​၏။ ငါ​တို့​အားလုံး​သည်​လည်း တစ်ချိန်က ထို​သူ​တို့​ထဲတွင်​ပါ​လျက် မိမိ​တို့​သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​များ​ထဲ၌ အသက်ရှင်​နေထိုင်​ခဲ့​ပြီး ကိုယ်ကာယ​နှင့်​စိတ်နှလုံး​တို့​၏​အလို​အတိုင်း​ပြု​၍ အခြား​သော​သူ​တို့​ကဲ့သို့​ပင် သဘာဝ​အလျောက် အမျက်​တော်​ခံ​ထိုက်​သော​သူ​များ​ဖြစ်​ကြ​၏။ သို့သော် ကရုဏာ​တော်​နှင့်​ကြွယ်ဝ​တော်မူ​သော​ဘုရားသခင်​သည် ငါ​တို့​ကို​ချစ်​တော်မူ​သည့် ကြီးမား​သော​မေတ္တာ​တော်​အားဖြင့် ကျူးလွန်​သော​အပြစ်​များ​၌ သေ​နေ​သော​ငါ​တို့​ကို ခရစ်တော်​နှင့်အတူ အသက်ရှင်​စေ​တော်မူ​၏။ (သင်​တို့​သည် ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။) ထို့နောက် ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ကို ကိုယ်တော်​နှင့်အတူ​ထမြောက်​စေ​၍ အထက်​ကောင်းကင်​အရပ်​၌ ကိုယ်တော်​နှင့်အတူ​ထိုင်​စေ​တော်မူ​၏။ ဤသည်ကား ခရစ်တော်​ယေရှု​၌ ငါ​တို့​အား​ကျေးဇူးပြု​တော်မူ​ခြင်း​အားဖြင့် မိမိ​၏​ထူးကဲ​သော​ကျေးဇူး​တော်​၏​ကြွယ်ဝ​မှု​ကို နောင်​လာမည့်​ကာလ​အစဉ်အဆက်​တို့​၌ ပြသ​ရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​သည် ကျေးဇူး​တော်​ကြောင့် ယုံကြည်​ခြင်း​အားဖြင့် ကယ်တင်​ခြင်း​ခံရ​ကြ​၏။ ၎င်း​သည် သင်​တို့​ကိုယ်တိုင်​ကြောင့်​မ​ဟုတ်​ဘဲ ဘုရားသခင်​ပေး​တော်မူ​သော​လက်ဆောင်​ဖြစ်​၏။ မိမိ​ပြု​သော​အမှု​များ​ကြောင့်​မ​ဟုတ်။ သို့ဖြစ်၍ မည်သူမျှ ဝါကြွား​စရာ​အကြောင်း​မ​ရှိ။ အကြောင်းမူကား ငါ​တို့​သည် ကောင်း​သော​အမှု​များ​ကို​ပြု​ရန် ခရစ်တော်​ယေရှု​၌​ဖန်ဆင်း​ခြင်း​ခံရ​သော ဘုရားသခင်​၏​လက်ရာ​တော်​ဖြစ်​ကြ​၏။ ထို​ကောင်း​သော​အမှု​များ​၌ ငါ​တို့​အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် ဘုရားသခင်​သည် ထို​အမှု​များ​ကို ကြိုတင်​ပြင်ဆင်​ထား​တော်မူ​၏။ ထို့ကြောင့် တစ်ချိန်က သင်​တို့​သည် ဇာတိ​အားဖြင့် လူမျိုးခြား​များ​ဖြစ်​ကြ​ပြီး ကိုယ်ကာယ​၌ လက်​ဖြင့်​အရေဖျား​လှီး​ထား​သော​သူ​တို့​က သင်​တို့​ကို အရေဖျား​မ​လှီး​သော​သူ​ဟု ခေါ်ဝေါ်​ခဲ့​ကြ​သည်​ကို သတိရ​ကြ​လော့။ ထို​အချိန်​က သင်​တို့​သည် ခရစ်တော်​နှင့်​ကင်းကွာ​၍ အစ္စရေး​အမျိုးသား​စာရင်း​မ​ဝင်၊ ကတိ​တော်​နှင့်ဆိုင်သော​ပဋိညာဉ်​များ​နှင့်​မသက်ဆိုင်၊ ဤ​လောက​၌​မျှော်လင့်​ခြင်း​မ​ရှိ၊ ဘုရား​မဲ့​လျက်​နေ​ခဲ့​ကြ​၏။ သို့သော် တစ်ချိန်က ဝေးကွာ​လျက်​ရှိ​ခဲ့​သော​သင်​တို့​သည် ယခု​အခါ ခရစ်တော်​ယေရှု​၌ ခရစ်တော်​၏​သွေး​တော်​အားဖြင့် အနီး​သို့​ရောက်​ရ​ကြ​ပြီ။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​တို့​၏​သင့်မြတ်​ငြိမ်းချမ်း​ခြင်း​အကြောင်း​ဖြစ်​တော်မူ​၍ ငါ​တို့​နှစ်မျိုးစလုံး​ကို တစ်မျိုးတည်း​ဖြစ်​စေ​ပြီး ပိုင်းခြား​သော​ရန်ငြိုး​တံတိုင်း​ကို ဖြိုဖျက်​ကာ စည်းမျဉ်း​များ​ပါ​သည့် ပညတ်​ချက်​တို့​နှင့်ဆိုင်သော​ပညတ်​တရား​ကို မိမိ​ကိုယ်ခန္ဓာ​တော်​အားဖြင့် ပယ်ဖျက်​တော်မူ​၏။ ဤသည်ကား လူ​နှစ်​မျိုး​ကို မိမိ​၌ တစ်မျိုးတည်း​သော​လူ​သစ်​အဖြစ် ဖန်ဆင်း​လျက် သင့်မြတ်​ငြိမ်းချမ်း​ခြင်း​ကို​ဖြစ်​စေ​ကာ လက်ဝါးကပ်တိုင်​တွင် ရန်ငြိုး​ကို​သုတ်သင်​ပြီး လက်ဝါးကပ်တိုင်​အားဖြင့် ငါ​တို့​နှစ်မျိုးစလုံး​ကို ကိုယ်ခန္ဓာ​တစ်ခုတည်း​၌ ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​ဖြစ်​၏။ ထို့နောက် ကိုယ်တော်​သည် ကြွလာ​တော်မူ​၍ အဝေး​၌​ရှိ​သော​သင်​တို့​ကို​လည်းကောင်း၊ အနီး​၌​ရှိ​သော​သူ​တို့​ကို​လည်းကောင်း သင့်မြတ်​ငြိမ်းချမ်း​ခြင်း​နှင့်ဆိုင်သည့် ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​တော်မူ​၏။ ဤသို့ဖြင့် ငါ​တို့​နှစ်မျိုးစလုံး​သည် ဝိညာဉ်​တော်​တစ်ပါးတည်း​၌ ခမည်းတော်​ထံသို့​တိုးဝင်​ခွင့်​ကို ကိုယ်တော်​အားဖြင့်​ရရှိ​ကြ​၏။ ထို့ကြောင့် သင်​တို့​သည် လူမျိုးခြား​များ​နှင့်​သူစိမ်း​ဧည့်သည်​များ​မ​ဟုတ်​တော့​ဘဲ သန့်ရှင်း​သူ​တို့​နှင့်​တစ်​မျိုးသား​တည်း​ဖြစ်​ကြ​ပြီး ဘုရားသခင်​၏​အိမ်သူအိမ်သား​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် တမန်တော်​များ​နှင့်​ပရောဖက်​များ​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​ခံရ​ကြ​၍ ခရစ်တော်​ယေရှု​ကိုယ်တော်​တိုင် ထောင့်ချုပ်​ကျောက်​ဖြစ်​တော်မူ​၏။ ထို​ထောင့်ချုပ်​ကျောက်​အားဖြင့် အဆောက်အအုံ​တစ်ခုလုံး​သည် အံဝင်ခွင်ကျ​ဆက်စပ်​လျက် သခင်​ဘုရား​၌ သန့်ရှင်း​သော​ဗိမာန်​တော်​အဖြစ်​သို့ တိုးပွား​လေ​၏။ သင်​တို့​သည်​လည်း ဝိညာဉ်​တော်​အားဖြင့် ဘုရားသခင်​ကိန်းဝပ်​တော်မူ​ရာ​အဖြစ်​သို့ ထို​သခင်​၌ အတူတကွ​တည်ဆောက်​ခြင်း​ခံရ​ကြ​၏။