YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာကျမ်း 4

4
နေအောက်တွင်ရှိသည့်အချည်းနှီးသောအမှု
1တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ 2ထို့ကြောင့် အသက်ရှင်​နေ​သေး​သော​လူရှင်​တို့​ထက် သေ​လွန်​ပြီး​သော​လူသေ​တို့​ကို ငါ​ထောမနာပြု​၏​။ 3သို့ရာတွင် လူ​ဖြစ်​မ​လာ​သေး​သော​သူ​၊ နေ​အောက်​တွင်​ပြု​သော​မကောင်းမှု​ကို မ​မြင်​သေး​သော​သူ​သည် ထို​နှစ်​ဦး​တို့​ထက်​ပို၍​ကောင်း​၏​။ 4တစ်ဖန် ကြိုးပမ်းအားထုတ်မှု​အားလုံး​နှင့် ကျွမ်းကျင်​စွာ​ပြု​သော​အမှု​အားလုံး​တို့​သည် လူ​အချင်းချင်း​တို့​၏​မနာလိုဝန်တိုမှု​ကြောင့်​သာ​ဖြစ်ကြောင်း ငါ​တွေ့မြင်​၏​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။ 5မိုက်မဲ​သော​သူ​သည် မိမိ​လက်​ကို​ပိုက်​ထား​၍ မိမိ​အသား​ကို​စား​တတ်​၏​။ 6လက်တစ်ဆုပ်စာ​အေးချမ်းမှု​သည် လက်ခုပ်တစ်ခုပ်စာ​ကြိုးပမ်းအားထုတ်မှု​နှင့် လေ​ကို​လိုက်ဖမ်း​ခြင်း​တို့​ထက် ပို၍​ကောင်း​၏​။ 7တစ်ဖန် နေ​အောက်​တွင် အချည်းနှီး​သော​အရာ​ကို ငါ​ပြန်​၍​တွေ့မြင်​သည်​မှာ 8တစ်ကိုယ်တည်း​ဖြစ်​လျက် အပေါင်းအဖော်​မ​ရှိ​၊ သား​လည်း​မ​ရှိ​၊ ညီအစ်ကို​လည်း​မ​ရှိ​သော​သူ​တစ်ဦး​ရှိ​၏​။ သို့သော် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​၌ အဆုံး​မ​ရှိ​။ သူ​၏​မျက်စိ​သည်​လည်း ဓနဥစ္စာ​၌​ကျေနပ်တင်းတိမ်​သည်​ဟူ၍​မ​ရှိ​။ “​ငါ​သည် မည်သူ့​အတွက် ကြိုးပမ်းအားထုတ်​လျက် ငါ​၌​ကောင်းကျိုးချမ်းသာ​ချို့တဲ့​စေ​ရ​သနည်း​”​ဟူ၍​လည်း​မ​မေး​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။ 9နှစ်​ဦး​သည် တစ်​ဦး​ထက် ပို၍​ကောင်း​၏​။ အဘယ်ကြောင့်​ဆိုသော် သူ​တို့​၏​ကြိုးပမ်းအားထုတ်မှု​အတွက် ကောင်း​သော​ဆုလာဘ်​ကို​သူ​တို့​ရရှိ​ကြ​၏​။ 10အကြောင်းမူကား တစ်ဦး​လဲ​လျှင် အခြား​တစ်​ဦး​သည် မိမိ​၏​အပေါင်းအဖော်​ကို ထူမ​ပေး​လိမ့်မည်​။ သို့သော် လဲ​သောအခါ ထူမ​ပေး​မည့်​သူ​မ​ရှိ​သော တစ်ကိုယ်တည်းသမား​သည် အကျိုးနည်း​လှ​၏​။ 11တစ်ဖန် နှစ်​ဦး​အတူ​အိပ်​လျှင် နွေး​၏​။ တစ်ကိုယ်တည်းဖြစ်သောသူ​မူကား မည်သို့​နွေး​နိုင်​မည်နည်း​။ 12တစ်စုံတစ်ဦး​သည် သူ​တို့​တစ်ဦးဦး​ကို​အနိုင်ယူ​လျှင်​လည်း နှစ်​ဦး​အားဖြင့် ထို​သူ​ကို​တောင့်ခံ​နိုင်​၏​။ သုံးလွန်းတင်​သော​ကြိုး​သည် အလွယ်တကူ​မ​ပြတ်​နိုင်​။ 13ဆင်းရဲ​သော်လည်း ပညာရှိ​သော​လူငယ်​သည် အသက်ကြီး​သော်လည်း သတိပေး​ချက်​ကို​လက်​မ​ခံ​တော့​သည့် မိုက်မဲ​သော​ရှင်ဘုရင်​ထက် ပို၍​ကောင်း​၏​။ 14အကြောင်းမူကား ထို​လူငယ်​သည် မိမိ​၏​နိုင်ငံ​တွင်​ဆင်းရဲ​သော​သူ​အဖြစ်​မွေးဖွား​လာ​သော်လည်း နန်းစံ​ရန်​အတွက် အကျဉ်းထောင်​မှ​ထွက်လာ​ခဲ့​သူ​ဖြစ်​၏​။ 15နေ​အောက်​တွင်​အသက်ရှင်​သွားလာ​သော​သူ​အပေါင်း​တို့​သည် ရှင်ဘုရင်​အရိုက်အရာ​ကို​ခံရ​သည့် ဒုတိယ​လူ​ဖြစ်​သော​ထို​လူငယ်​ဘက်​၌ နေ​တတ်​ကြ​သည်​ကို ငါ​တွေ့မြင်​၏​။ 16ထို​ရှင်ဘုရင်​မတိုင်မီ​ရှိ​ခဲ့​သူ​အားလုံး​တည်းဟူသော လူ​အပေါင်း​တို့​သည် မ​ဆုံး​နိုင်​။ သို့သော် နောက်ဖြစ်ပေါ်​လာ​သော​သူ​တို့​သည် သူ့​ကို​နှစ်သက်​ကြ​လိမ့်မည်​မ​ဟုတ်​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။

လက်ရှိရွေးချယ်ထားမှု

ဒေသနာကျမ်း 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။