YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 9

9
ကိုယ့်ဖြောင့်မတ်ခြင်းကြောင့်ဟုမထင်မှတ်ရန် သတိပေးခြင်း
1အို အစ္စရေး​လူမျိုး​၊ နားထောင်​လော့​။ ယနေ့ သင်​သည် သင့်​ထက်​ကြီးမြတ်​သော​လူမျိုး​၊ အင်အားကြီး​သော​လူမျိုး​တို့​ကို​သွား​၍​နှင်ထုတ်​ရန် ဂျော်ဒန်​မြစ်​ကို​ကူးသွား​ရ​တော့​မည်​။ မြို့​များ​သည် ကြီးမား​၍ မြို့ရိုး​တို့​သည် မိုး​ထိ​မြင့်​၏​။ 2‘​အာနက​လူမျိုး​၏​သားမြေး​တို့​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​’​ဟု သင်​ကြား​သိ​ထား​သော​၊ ကိုယ်ခန္ဓာ​ကြီးမား​၍​အရပ်​မြင့်​သော အာနက​လူမျိုး​တို့​၏​သားမြေး​များ​လည်း​ရှိ​၏​။ 3သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် လောင်ကျွမ်း​သော​မီး​ကဲ့သို့ သင်​၏​ရှေ့​မှ​ကူးသွား​မည်​ဖြစ်ကြောင်း ယနေ့ သင်​သိမြင်​ရ​မည်​။ ကိုယ်တော်​သည် ထို​သူ​တို့​ကို သုတ်သင်ပယ်ရှင်း​ပြီး သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​ဖြစ်၍ သင့်​အား ထာဝရဘုရား မိန့်​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သူ​တို့​ကို နှင်ထုတ်​၍ အလျင်အမြန်​ဖျက်ဆီး​နိုင်​လိမ့်မည်​။ 4သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​သူ​တို့​ကို သင့်​ရှေ့မှောက်​မှ​နှင်ထုတ်​တော်မူ​သောအခါ သင့်​စိတ်​ထဲ၌ ‘​ထာဝရဘုရား​သည် ငါ​၏​ဖြောင့်မတ်​ခြင်း​ကြောင့် ဤ​ပြည်​ကို​ပိုင်ဆိုင်​ရန် ငါ့​ကို​ပို့ဆောင်​တော်မူ​၏​’​ဟု မ​အောက်မေ့​ရ​။ ထာဝရဘုရား​သည် ထို​လူမျိုး​တို့​ကို သူ​တို့​၏​ဆိုးယုတ်မှု​ကြောင့် သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။ 5သင်​၏​ဖြောင့်မတ်​ခြင်း​နှင့် သင်​၏​စိတ်သဘော​ဖြောင့်မှန်​ခြင်း​တို့​ကြောင့် သင်​သည် သူ​တို့​၏​ပြည်​ကို ဝင်ရောက်​ပိုင်ဆိုင်​ရ​ခြင်း မ​ဟုတ်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဤ​လူမျိုး​တို့​၏​ဆိုးယုတ်မှု​ကြောင့်​လည်းကောင်း​၊ သင့်​ဘိုးဘေး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​စကား​တော်​ကို တည်​စေရန်​အတွက်​လည်းကောင်း သူ​တို့​ကို သင့်​ရှေ့မှောက်​မှ နှင်ထုတ်​တော်မူ​ခြင်း​ဖြစ်​၏​။ 6သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​၏​ဖြောင့်မတ်​ခြင်း​ကြောင့် ဤ​သာယာဝပြော​သော​ပြည်​ကို သင့်​အား အပိုင်​ပေး​သည်​မ​ဟုတ်​ကြောင်း သင်​သိမှတ်​ရ​မည်​။ အကယ်စင်စစ် သင်​သည် ခေါင်းမာ#9:6 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​၏​။
ပုန်ကန်သောအစ္စရေးလူမျိုးတို့ကြောင့် မောရှေတောင်းပန်ရခြင်း
7သင်​သည် တောကန္တာရ​၌ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို မည်သို့​အမျက်ထွက်​စေ​ခဲ့​သည်​ကို အောက်မေ့​လော့​။ မ​မေ့လျော့​နှင့်​။ သင်​တို့​သည် အီဂျစ်​ပြည်​မှ​ထွက်လာ​သော​နေ့​မှစ၍ ဤ​အရပ်​သို့​ရောက်​သည့်​တိုင်အောင် ထာဝရဘုရား​ကို ပုန်ကန်​ခဲ့​ကြ​၏​။ 8ဟောရပ်​တောင်​၌​လည်း သင်​တို့​သည် ထာဝရဘုရား​ကို အမျက်ထွက်​စေ​သဖြင့် ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် အမျက်ထွက်​တော်မူ​ခဲ့​၏​။ 9သင်​တို့​နှင့်​ထာဝရဘုရား​ဖွဲ့​တော်မူ​ခဲ့​သော​ပဋိညာဉ်​ပါရှိ​သည့်​ကျောက်ပြား​တို့​ကို ခံယူ​ရန် တောင်​ပေါ်သို့​ငါ​တက်သွား​သောအခါ ငါ​သည် အစာ​မ​စား​၊ ရေ​မ​သောက်​ဘဲ ထို​တောင်​ပေါ်၌ အရက်​လေးဆယ်​ပတ်လုံး နေ​ခဲ့​၏​။ 10ဘုရားသခင်​၏​လက်ချောင်း​တော်​ဖြင့် အက္ခရာတင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ထာဝရဘုရား​သည် ငါ့​အား ပေးအပ်​တော်မူ​၏​။ စုဝေး​ရာ​နေ့​၌ သင်​တို့​အား တောင်​ပေါ်တွင် မီး​ထဲ​မှ ထာဝရဘုရား​မိန့်​တော်မူ​ခဲ့​သည့်​စကား​အလုံးစုံ​တို့​ကို ထို​ကျောက်ပြား​ပေါ်၌ အက္ခရာ​တင်ထား​၏​။ 11အရက်​လေးဆယ်​ပြည့်​သောအခါ ထာဝရဘုရား​သည် ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကို ငါ့​အား ပေးအပ်​တော်မူ​ပြီး 12ထာဝရဘုရား​က ‘​ထ​၍ ဤ​နေရာ​မှ အလျင်အမြန်​ဆင်းသွား​လော့​။ အီဂျစ်​ပြည်​မှ သင်​ထုတ်ဆောင်​လာ​သော​လူ​တို့​သည် ဖောက်ပြန်​ကြ​ပြီ​။ သူ​တို့​အား ငါ​မိန့်မှာ​ထား​သော​လမ်း​မှ မြန်မြန်ဆန်ဆန်​လွဲသွား​ကြ​ပြီ​။ မိမိ​တို့​အတွက် ရုပ်တု​ကို​သွန်းလုပ်​ကြ​ပြီ​’​ဟု မိန့်​တော်မူ​၏​။ 13တစ်ဖန် ထာဝရဘုရား​က ငါ့​အား ‘​ဤ​လူမျိုး​သည် ခေါင်းမာ#9:13 တိုက်ရိုက်ပြန်ဆိုလျှင် “လည်ပင်းခိုင်မာ”။​သော​လူမျိုး​ဖြစ်​သည်​ကို ငါ​မြင်​ပြီ​။ 14သို့ဖြစ်၍ ငါ့​ကို​မတား​နှင့်​။ ငါ​သည် သူ​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​အမည်​ကို ကောင်းကင်​အောက်​မှ ပယ်ဖျက်​မည်​။ သင့်​ကို​ကား သူ​တို့​ထက် အင်အားကြီး​၍ များပြား​သော​လူမျိုး​ဖြစ်​စေ​မည်​’​ဟု မိန့်​တော်မူ​၏​။
15ငါ​သည်​လည်း လက်​နှစ်​ဖက်​၌ ပဋိညာဉ်​ကျောက်ပြား​နှစ်​ချပ်​ကိုင်​လျက် မီး​တောက်လောင်​နေ​သော​တောင်​ပေါ်မှ လှည့်​၍​ဆင်းလာ​ခဲ့​၏​။ 16ထို​အချိန်​၌ သင်​တို့​သည် ထာဝရဘုရား​မိန့်မှာ​ထား​သည့်​လမ်း​မှ မြန်မြန်ဆန်ဆန်​လွဲသွား​ကြ​၍ မိမိ​တို့​အတွက် နွားသငယ်​ရုပ်တု​ကို​သွန်းလုပ်​ခြင်း​ဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ပြစ်မှား​ကြ​သည်​ကို ငါ​မြင်​၏​။ 17ထိုအခါ ငါ​သည် ငါ့​လက်​နှစ်​ဖက်​နှင့်​ကိုင်​ထား​သော​ကျောက်ပြား​နှစ်​ချပ်​ကို ပစ်ချ​၍ သင်​တို့​မျက်စိ​ရှေ့​တွင်​ပင် ချိုးဖဲ့​လေ​၏​။ 18ထာဝရဘုရား​အမျက်ထွက်​စေရန် မျက်မှောက်​တော်​၌ မကောင်းမှု​ကို​ပြု​ခြင်း​ဖြင့် သင်​တို့​ကျူးလွန်​သည့်​အပြစ်​ရှိသမျှ​တို့​ကြောင့် ငါ​သည် အစာ​မ​စား​၊ ရေ​လည်း​မ​သောက်​ဘဲ ယခင်​ကဲ့သို့ အရက်​လေးဆယ်​ပတ်လုံး ထာဝရဘုရား​ရှေ့မှောက်​၌​ပျပ်ဝပ်​လျက်​နေ​၏​။ 19ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​ချင်​လောက်အောင် သင်​တို့​ကို အမျက်ထွက်​တော်မူ​သောကြောင့် ထို​ပြင်းစွာ​သော​အမျက်​တော်​ကို ငါ​ကြောက်ရွံ့​၏​။#ဟေဗြဲ 12:21။ ထို​အချိန်​၌​လည်း ထာဝရဘုရား​သည် ငါ​၏​စကား​ကို​နားညောင်း​တော်မူ​၏​။ 20ထာဝရဘုရား​သည် အာရုန်​ကို​လည်း ဖျက်ဆီး​ချင်​လောက်အောင် သူ့​ကို​အလွန်​အမျက်ထွက်​တော်မူ​သဖြင့် ထို​အချိန်​၌ အာရုန်​အတွက် ငါ​ဆုတောင်း​ရ​၏​။ 21သင်​တို့​ကို အပြစ်​ဖြစ်စေ​သည့် သင်​တို့​သွန်းလုပ်​သော​နွားသငယ်ရုပ်တု​ကို ငါ​ယူ​၍ မီး​ရှို့​ပစ်​ပြီး မြေမှုန့်​ကဲ့သို့ ညက်ညက်ကြေ​သည်​အထိ ကြိတ်ချေ​ပြီးလျှင် ထို​အမှုန့်​ကို တောင်​ထဲမှ​စီးထွက်​လာ​သည့်​ချောင်း​ထဲသို့ ပစ်ချ​လိုက်​၏​။
22သင်​တို့​သည် တဗေရ​အရပ်​၊ မဿာ​အရပ်​၊ ကိဗြုတ်ဟတ္တဝါ​အရပ် တို့​၌​လည်း ထာဝရဘုရား​ကို အမျက်​တော်​ထွက်​စေ​ခဲ့​ကြ​၏​။ 23ထာဝရဘုရား​သည် သင်​တို့​ကို ကာဒေရှဗာနာ​အရပ်​မှ စေလွှတ်​၍ ‘​သင်​တို့​အား ငါ​ပေး​သော​ပြည်​ကို သွား​၍​သိမ်းပိုက်​လော့​’​ဟု မိန့်​တော်မူ​သောအခါ​၌​လည်း သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​အမိန့်​တော်​ကို​ဖီဆန်​ကြ​၏​။ သင်​တို့​သည် ကိုယ်တော်​ကို​မ​ယုံ​၊ ကိုယ်တော်​၏​စကား​တော်​ကို​လည်း​နား​မ​ထောင်​ကြ​။ 24သင်​တို့​ကို ငါ​သိ​သည့်​နေ့​မှစ၍ သင်​တို့​သည် ထာဝရဘုရား​ကို​ပုန်ကန်​လျက်​ရှိ​ကြ​ပြီ​။
25ထာဝရဘုရား​သည် သင်​တို့​ကို​ဖျက်ဆီး​မည်​ဟု မိန့်​တော်မူ​သောကြောင့် ငါ​သည် ထာဝရဘုရား​ရှေ့​တော်​၌ အရက်​လေးဆယ်​ပတ်လုံး ပျပ်ဝပ်​လျက်​နေ​၏​။ 26ငါ​သည် ထာဝရဘုရား​အား ‘​အို အကျွန်ုပ်​၏​ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​တန်ခိုး​တော်​ဖြင့် ရွေးနုတ်​တော်မူ​သော​၊ အားကြီး​သော​လက်​တော်​ဖြင့် အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​သော ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ကို ဖျက်ဆီး​တော်​မ​မူ​ပါ​နှင့်​။ 27ကိုယ်တော်​၏​အစေအပါး အာဗြဟံ​၊ ဣဇက်​၊ ယာကုပ် တို့​ကို​အောက်မေ့​တော်မူ​ပါ​။ ဤ​လူမျိုး​၏​ခေါင်းမာ​ခြင်း​၊ ဆိုးယုတ်​ခြင်း​၊ အပြစ်ပြု​ခြင်း တို့​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​။ 28သို့မဟုတ်လျှင် အကျွန်ုပ်​တို့​ကို ကိုယ်တော်​ထုတ်ဆောင်​လာ​ခဲ့​သည့်​ပြည်​မှ လူ​တို့​က “ထာဝရဘုရား​သည် သူ​တို့​အား ကတိထား​သည့်​ပြည်​သို့ ပို့ဆောင်​ရန်​မ​တတ်နိုင်​သောကြောင့်​၊ သူ​တို့​ကို​မုန်းတီး​သောကြောင့် တောကန္တာရ​ထဲ၌ သူ​တို့​ကို​ကွပ်မျက်​ရန် ထုတ်ဆောင်​တော်မူ​ခဲ့​၏”​ဟု ဆို​ကြ​ပါ​လိမ့်မည်​။ 29အကယ်စင်စစ် ဤ​သူ​တို့​သည် ကိုယ်တော်​၏​ကြီးမား​သော​တန်ခိုး​တော်​၊ ကိုယ်တော်​၏​ဆန့်တန်း​သော​လက်ရုံး​တော်​ဖြင့် ထုတ်ဆောင်​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​လူမျိုး​တော်​၊ ကိုယ်တော်​၏​အမွေ​တော်​ဖြစ်​ကြ​ပါ​၏​’​ဟု ဆုတောင်း​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 9: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ