YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 5:1-22

တရားဟောရာကျမ်း 5:1-22 MSBU

မောရှေ​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​ကို​ခေါ်​၍ သူ​တို့​အား “​အို အစ္စရေး​လူမျိုး​တို့​၊ ယနေ့ သင်​တို့​ကြားသိ​အောင် ငါ​ဆင့်ဆို​သော ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို နားထောင်​လော့​။ သင်ယူ​လော့​။ လိုက်နာ​စောင့်ထိန်း​လော့​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ဟောရပ်​တောင်​၌ ငါ​တို့​နှင့်​ပဋိညာဉ်​ဖွဲ့​တော်မူ​၏​။ ဤ​ပဋိညာဉ်​ကို ထာဝရဘုရား​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ဖွဲ့​တော်မူ​သည်​မ​ဟုတ်​ဘဲ ဤ​နေရာ​၌ ယနေ့​အသက်ရှင်​လျက်​ရှိ​သော ငါ​တို့​အားလုံး​နှင့် ဖွဲ့​တော်မူ​ခြင်း​ဖြစ်​၏​။ ထာဝရဘုရား​သည် တောင်​ပေါ်၌ သင်​တို့​နှင့် မီး​ထဲ​မှ​မျက်နှာချင်းဆိုင် မိန့်​တော်မူ​၏​။ ထို​အချိန်​၌ သင်​တို့​သည် မီး​ကို​ကြောက်​၍ တောင်​ပေါ်သို့​မ​တက်ဝံ့​ကြ​သောကြောင့် ငါ​သည် ထာဝရဘုရား​နှင့်​သင်​တို့​ကြား၌ ရပ်​လျက် ထာဝရဘုရား​၏​စကား​တော်​ကို သင်​တို့​အား ပြန်​ပြောပြ​ခဲ့​၏​။ မိန့်​တော်မူ​သော​စကား​မှာ ‘​ငါ​သည် သင့်​ကို ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​ခဲ့​သည့် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​။ သင်​၌ ငါ​မှတစ်ပါး အခြား​ဘုရား မ​ရှိ​စေ​ရ​။ အထက်​မိုးကောင်းကင်​၌​လည်းကောင်း​၊ အောက်​မြေကြီး​၌​လည်းကောင်း​၊ မြေကြီး​အောက်​ရေ​ထဲ၌​လည်းကောင်း ရှိသမျှ​သော​အရာ​တို့​၏​ပုံသဏ္ဌာန်​နှင့်တူသော ရုပ်တုဆင်းတု​ကို သင့်​အဖို့​မ​ပြုလုပ်​ရ​။ ထို​အရာ​တို့​ကို မ​ပျပ်ဝပ်​မ​ကိုးကွယ်​ရ​။ အကြောင်းမူကား သင်​၏​ဘုရားသခင် ငါ​ထာဝရဘုရား​သည် သဝန်တို​တတ်​သော​ဘုရား​၊ ငါ့​ကို​မုန်း​သော​သူ​တို့​၏​မျိုးဆက် တတိယ​အဆက်​၊ စတုတ္ထ​အဆက်​တိုင်အောင် ဖခင်​တို့​၏​အပြစ်​အတွက် သားမြေး​တို့​ကို ဒဏ်ခတ်​သော​ဘုရား​၊ ငါ့​ကို​ချစ်​၍ ငါ​၏​ပညတ်​များ​ကို​စောင့်ထိန်း​သော​သူ​တို့​ကို​ကား မျိုးဆက်​အထောင်အသောင်း​တိုင်အောင် မေတ္တာကရုဏာ​ပြ​သော​ဘုရား ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​ကို အလွဲသုံးစား​မ​ပြု​ရ​။ အကြောင်းမူကား ထာဝရဘုရား​သည် မိမိ​၏​နာမ​တော်​ကို အလွဲသုံးစား​ပြု​သော​သူ​အား အပြစ်ဒဏ်​နှင့်​ကင်းလွတ်​စေ​တော်မူ​မည်​မ​ဟုတ်​။ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း ဥပုသ်နေ့​ကို သန့်ရှင်း​အောင်​စောင့်ထိန်း​လော့​။ သင်​၏​အလုပ်​ရှိသမျှ​ကို ခြောက်​ရက်​ပတ်လုံး အားထုတ်​လုပ်ဆောင်​လော့​။ သတ္တမ​နေ့​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏ ဥပုသ်နေ့​ဖြစ်​၏​။ ထို​နေ့​၌ သင်​မှစ၍ သင်​၏​သား​သမီး​များ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​များ​မှစ၍ နွား​၊ မြည်း​စသော​တိရစ္ဆာန်​များ​၊ သင့်​မြို့​၌​ရှိ​သော​တိုင်းတစ်ပါးသား​တို့​သည် မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။ သင်​အနားယူ​သကဲ့သို့ သင်​၏​ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​သည်​လည်း အနားယူ​ကြ​ရ​မည်​။ သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​ကြောင်း​ကို​လည်းကောင်း​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် သင့်​အား ထို​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​ကြောင်း​ကို​လည်းကောင်း အောက်မေ့​လော့​။ ထိုအကြောင်းကြောင့် ဥပုသ်နေ့​ကို​စောင့်ထိန်း​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား​မိန့်မှာ​တော်မူ​ခဲ့​ခြင်း​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​သည့်​အတိုင်း သင်​၏​မိဘ​ကို​ရိုသေ​လော့​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​သည် အသက်​ရှည်​၍ ကောင်းစား​လိမ့်မည်​။ လူ​မ​သတ်​ရ​။ အိမ်ထောင်ရေးဖောက်ပြန်မှု​ကို​မ​ကျူးလွန်​ရ​။ မ​ခိုး​ရ​။ သင်​၏​အိမ်နီးချင်း​တစ်ဖက်​၌ မမှန်​သော​သက်သေ​မ​ထွက်ဆို​ရ​။ သင့်​အိမ်နီးချင်း​၏​မယား​ကို​မ​တပ်မက်​ရ​။ သင့်​အိမ်နီးချင်း​၏​အိမ်​၊ လယ်ယာ​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​၊ နွား​၊ မြည်း​မှစ၍ သင့်​အိမ်နီးချင်း​၌​ရှိ​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ လိုချင်​သော​စိတ်​မ​ရှိ​ရ​။​’ ထာဝရဘုရား​သည် တောင်​ပေါ်၌ မီး​၊ မိုးတိမ်​နှင့် အမှောင်ထု​တို့​ထဲ​မှ ကြီးမား​သော​အသံ​ဖြင့် လူ​အစုအဝေး​တစ်ရပ်လုံး​အား ဤ​စကား​တို့​ကို မိန့်​တော်မူ​၏​။ ထို့နောက် ထပ်၍ မိန့်​တော်​မ​မူ​ဘဲ ဤ​စကား​တို့​ကို ကျောက်ပြား​နှစ်​ချပ်​ပေါ်၌ ရေးသား​ပြီး ငါ့​အား ပေးအပ်​တော်မူ​၏​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။