YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 26:1-19

တရားဟောရာကျမ်း 26:1-19 MSBU

သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား အမွေ​အဖြစ် ပေး​တော်မူ​သော​ပြည်​ကို သင်​သိမ်းပိုက်​၍ ထို​ပြည်​၌ နေထိုင်​သောအခါ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​မှ​ထွက်ရှိ​သည့် မြေ​အသီးအနှံ​အားလုံး​၏​အသီးဦး​အချို့​ကို​ယူ​၍ တောင်း​ထဲ​ထည့်​ပြီးလျှင် နာမ​တော်​ကိန်းဝပ်​ရာ​အဖြစ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​သို့ သွား​ရ​မည်​။ သင်​သည် ထို​အချိန်​တွင် တာဝန်ကျ​သော​ယဇ်ပုရောဟိတ်​ထံသို့​သွား​၍ ‘​ထာဝရဘုရား​က ထို​ပြည်​ကို​အကျွန်ုပ်​တို့​အား ပေး​မည်​ဟု အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့ အကျွန်ုပ်​ရောက်ရှိ​ပြီ​ဖြစ်ကြောင်း ဘုရားသခင်​ထာဝရဘုရား​အား ယနေ့​အကျွန်ုပ်​ကြားလျှောက်​ပါ​၏​’​ဟု ဆို​ရ​မည်​။ ယဇ်ပုရောဟိတ်​သည်​လည်း သင့်​လက်​ထဲမှ​တောင်း​ကို​ယူ​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ယဇ်ပလ္လင်​ရှေ့​၌ ချထား​ရ​မည်​။ ထိုအခါ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​၏​ဘိုးဘေး​သည် လှည့်လည်​သွားလာ​နေ​သူ အာရံ​လူမျိုး​ဖြစ်​ပါ​၏​။ သူ​သည် အီဂျစ်​ပြည်​သို့ လူ​အနည်းငယ်​နှင့် ဆင်းသွား​၍ ထို​ပြည်​၌​တည်းခိုနေထိုင်​ပါ​၏​။ သို့သော် ထို​ပြည်​၌ပင် အင်အားကြီး​၍​များပြား​သော​လူမျိုး​ကြီး​ဖြစ်လာ​ပါ​၏​။ အီဂျစ်​လူမျိုး​တို့​သည် အကျွန်ုပ်​တို့​ကို ညှဉ်းပန်း​နှိပ်စက်​၍ ကြမ်းတမ်း​သော​အလုပ်​ကို လုပ်​စေ​ပါ​၏​။ သို့ဖြစ်၍ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​အသံ​ကို နားညောင်း​တော်မူ​၍ အကျွန်ုပ်​တို့​ခံရ​သော ဆင်းရဲ​ခြင်း​၊ ပင်ပန်း​ခြင်း​၊ ညှဉ်းပန်းနှိပ်စက်​ခြင်း​တို့​ကို ကြည့်ရှု​တော်မူ​၏​။ ထိုအခါ ထာဝရဘုရား​သည် အားကြီး​သော​လက်​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက်​၊ ကြောက်မက်ဖွယ်​အမှု​ကြီး​များ​ပြု​လျက်​၊ နိမိတ်လက္ခဏာ​များ​ပြ​လျက်​၊ အံ့ဩဖွယ်အမှု​များ​ပြု​လျက် အကျွန်ုပ်​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​၏​။ ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို ဤ​အရပ်​သို့​ပို့ဆောင်​တော်မူ​၏​။ အကျွန်ုပ်​တို့​အား နို့​နှင့်​ပျားရည်​စီး​သော ဤ​ပြည်​ကို ပေး​တော်မူ​၏​။ အို ထာဝရဘုရား​၊ အကျွန်ုပ်​အား ကိုယ်တော်​ပေး​တော်မူ​သော​မြေ​အသီးအနှံ​၏​အသီးဦး​ကို ယခု အကျွန်ုပ်​ယူဆောင်​လာ​ပါ​၏​’​ဟု လျှောက်ဆို​ပြီးလျှင် ထို​အသီး​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌​ချထား​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ရှိခိုးကိုးကွယ်​ရ​မည်​။ သင်​နှင့်​သင်​၏​အိမ်သူအိမ်သား​တို့​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သည့် ကောင်းမြတ်​သော​အရာ​ရှိသမျှ​တို့​အတွက် သင်​မှစ၍ လေဝိ​အမျိုး​၊ သင့်​တွင်​ရှိ​သော​တိုင်းတစ်ပါးသား​တို့​အတူတကွ ဝမ်းမြောက်​ရ​မည်​။ သင်​သည် ဆယ်ဖို့တစ်ဖို့​နှစ်​ဖြစ်​သော တတိယ​နှစ်​၌ သင့်​သီးနှံ​၏​ဆယ်ဖို့တစ်ဖို့​ရှိသမျှ​ကို​ဖယ်ထား​ပြီး လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​၍ သင်​၏​မြို့​များ​၌ သူ​တို့​သည် ဝလင်​စွာ​စား​ရ​ကြ​မည်​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ရှေ့​တော်​၌ ‘​အကျွန်ုပ်​သည် သန့်ရှင်းသောအရာ​ကို အိမ်​မှ​ထုတ်​၍ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​ခဲ့​သည့် ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​အတိုင်း ထို​အရာ​ကို လေဝိ​အမျိုး​၊ တိုင်းတစ်ပါးသား​၊ ဖတဆိုး​၊ မုဆိုးမ တို့​အား ပေး​ပါ​ပြီ​။ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​များ​ကို မ​ချိုးဖောက်​ပါ​၊ မ​မေ့လျော့​ပါ​။ အကျွန်ုပ်​သည် သေ​သူ​အတွက်​ဝမ်းနည်းကြေကွဲ​စဉ် ထို​အရာ​ကို မ​စား​ပါ​။ မစင်မကြယ်​ဖြစ်​နေစဉ် ထို​အရာ​ကို မ​ထိ​ပါ​။ သေ​သော​သူ​အတွက် ထို​အရာ​ကို မ​ပူဇော်​ပါ​။ အကျွန်ုပ်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​ပါ​ပြီ​။ အကျွန်ုပ်​အား ကိုယ်တော်​မိန့်မှာ​တော်မူ​သမျှ​အတိုင်း အကျွန်ုပ်​ပြု​ပါ​ပြီ​။ ကိုယ်တော်​၏​သန့်ရှင်း​သော​ကိန်းဝပ်​တော်မူ​ရာ​အရပ်​ဖြစ်​သော ကောင်းကင်ဘုံ​မှ ငုံ့ကြည့်​တော်မူ​ပါ​။ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို​လည်းကောင်း​၊ အကျွန်ုပ်​တို့​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း အကျွန်ုပ်​တို့​အား ပေး​တော်မူ​သည့် နို့​နှင့်​ပျားရည်​စီး​သော​ပြည်​ကို​လည်းကောင်း ကောင်းချီးပေး​တော်မူ​ပါ​’​ဟု လျှောက်ဆို​ရ​မည်​။ ဤ​ပြဋ္ဌာန်းချက်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို​လိုက်နာ​ရန် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ယနေ့​မိန့်မှာ​တော်မူ​ပြီ​ဖြစ်၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ လိုက်နာ​စောင့်ထိန်း​ရ​မည်​။ ထာဝရဘုရား​သည် သင်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​၊ ကိုယ်တော်​၏​လမ်း​တော်​များ​၌​လျှောက်လှမ်း​၍ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​များ​၊ ပညတ်တော်​များ​၊ စီရင်ထုံးဖွဲ့ချက်​များ​ကို စောင့်ထိန်း​ပါ​မည်​၊ ကိုယ်တော်​၏​စကား​တော်​များ​ကို နားထောင်​ပါ​မည်​ဟု ယနေ့ သင်​ဝန်ခံ​လေ​ပြီ​။ ထာဝရဘုရား​သည်​လည်း သင့်​အား​ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် ပညတ်တော်​ရှိသမျှ​ကို​စောင့်ထိန်း​သည့် မိမိ​မြတ်နိုးတန်ဖိုးထား​သော​လူမျိုး​ဖြစ်​ရ​မည်​ဟု ယနေ့ ဝန်ခံ​တော်မူ​ပြီ​။ မိမိ​ဖန်ဆင်း​ထား​တော်မူ​သည့် လူမျိုး​အပေါင်း​တို့​ထက် ချီးမွမ်း​ခြင်း​၊ ကျော်စော​ခြင်း​၊ အသရေရှိ​ခြင်း​တို့​ဖြင့် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။ ကတိထား​တော်မူ​ခဲ့​သည့်​အတိုင်း သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​သော​လူမျိုး​ဖြစ်​သည်​ဟု ယနေ့​ဝန်ခံ​တော်မူ​ပြီ​”​ဟု ပြောကြား​လေ​၏​။