YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 20

20
စစ်တိုက်သူတို့လိုက်နာရမည့်စည်းမျဉ်းများ
1သင်​သည် ရန်သူ​တို့​ကို စစ်​သွားတိုက်​သောအခါ သင့်​ထက်​များပြား​သော မြင်း​များ​၊ စစ်ရထား​များ​၊ စစ်သည်​များ​ကို တွေ့​လျှင် သူ​တို့​ကို မ​ကြောက်​နှင့်​။ သင့်​ကို​အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​တော်မူ​၏​။ 2စစ်တိုက်​မည့်​အချိန် နီးလာ​သောအခါ ယဇ်ပုရောဟိတ်​သည် လာ​၍ စစ်သည်​တို့​အား 3‘​အို အစ္စရေး​လူမျိုး​တို့​၊ နားထောင်​ကြ​လော့​။ သင်​တို့​၏​ရန်သူ​တို့​နှင့် စစ်တိုက်​ရ​မည့် အချိန်​နီး​ပြီ​။ စိတ်​မ​ပျက်​ကြ​နှင့်​။ မ​ကြောက်​ကြ​နှင့်​။ မ​ချောက်ချား​ကြ​နှင့်​။ ထို​သူ​တို့​ကြောင့် မ​ထိတ်လန့်​ကြ​နှင့်​။ 4အကြောင်းမူကား သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​တို့​နှင့်အတူ​ကြွချီ​၍ သင်​တို့​အတွက် သင်​တို့​၏​ရန်သူ​တို့​ကို တိုက်ခိုက်​တော်မူ​မည်​ဖြစ်​သောကြောင့် သင်​တို့​အောင်ပွဲ​ခံရ​လိမ့်မည်​’​ဟု ပြောကြား​ရ​မည်​။ 5ကြီးကြပ်အုပ်ချုပ်သူ​တို့​က​လည်း စစ်သည်​တို့​အား ‘​အိမ်​အသစ်​ဆောက်​၍ မ​ဆက်ကပ်​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ်လျှင် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​အိမ်​ကို ဆက်ကပ်​သွား​လိမ့်မည်​။ 6စပျစ်ခြံ​စိုက်ပျိုး​၍ ခြံထွက်စပျစ်သီး​မ​စား​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​စပျစ်သီး​ကို​စား​လိမ့်မည်​။ 7မိန်းမ​နှင့်​စေ့စပ်​၍ မ​စုံဖက်​ရ​သေး​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ် သူ​သည် စစ်ပွဲ​၌ ကျဆုံး​လျှင် အခြား​သူ​သည် ထို​မိန်းမ​နှင့်​စုံဖက်​လိမ့်မည်​’​ဟု မိန့်ကြား​ရ​မည်​။ 8ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် စစ်သည်​တို့​အား ‘​ကြောက်​တတ်​သော​သူ​၊ စိတ်မခိုင်​သော​သူ​တစ်စုံတစ်ယောက်​ရှိ​သလော​။ ထို​သူ​ကို မိမိ​အိမ်​သို့​ပြန်​သွား​စေ​။ သို့မဟုတ်လျှင် ထို​သူ​သည် မိမိ​ကဲ့သို့ မိမိ​ညီအစ်ကို​တို့​ကို စိတ်ပျက်အားလျော့​စေ​လိမ့်မည်​’​ဟု ဆက်​၍​ပြောကြား​ရ​မည်​။ 9ကြီးကြပ်အုပ်ချုပ်သူ​တို့​သည် စစ်သည်​တို့​အား ပြောကြား​ပြီးနောက် စစ်သည်​တို့​အထက်​၌ တပ်ဖွဲ့​၏​အကြီးအကဲ​များ​ကို ခန့်ထား​ရ​မည်​။ 10သင်​သည် မြို့​တစ်​မြို့​ကို တိုက်ခိုက်​ရန် ထို​မြို့​အနီး​သို့​ချဉ်းကပ်​သောအခါ ထို​မြို့​အား ဦးစွာ ငြိမ်းချမ်းရေး​ယူ​ရန် ဟစ်ကြော်​ရ​မည်​။ 11ထို​မြို့​က ငြိမ်းချမ်းရေး​ကို​လက်ခံ​သည်​ဟု တုံ့ပြန်​လျှင် ထို​မြို့​၌​ရှိ​သော​လူ​အပေါင်း​တို့​သည် သင်​တို့​စေခိုင်း​သော​အလုပ်​ကို​ဆောင်ရွက်​ရ​သော သင်​တို့​၏​အခိုင်းအစေ​ဖြစ်​ရ​မည်​။ 12ထို​မြို့​သည် သင်​နှင့် ငြိမ်းချမ်းရေး​မ​ယူ​ဘဲ စစ်​တိုက်​မည်​ဆိုလျှင် ထို​မြို့​ကို သင်​ဝိုင်းထား​ရ​မည်​။ 13သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​မြို့​ကို သင့်​လက်​သို့​အပ်​သောအခါ ထို​မြို့​ရှိ​ယောက်ျား​အားလုံး​ကို ဓား​ဖြင့် သတ်​ရ​မည်​။ 14သို့သော် မိန်းမ​၊ ကလေး​၊ တိရစ္ဆာန်​များ​မှစ၍ ထို​မြို့​မှ​တိုက်ယူ​သော​ပစ္စည်း​ရှိသမျှ​တို့​ကို သင်​တို့​သိမ်းယူ​ရ​မည်​။ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော ရန်သူ​တို့​ထံမှ​တိုက်ယူ​သော​ပစ္စည်း​များ​ကို သင်​တို့​ပိုင်ဆိုင်​ခွင့်​ရှိ​၏​။ 15ဤ​နေရာ​၌​ရှိ​သော​လူမျိုး​တို့​၏​မြို့​မ​ဟုတ်​သည့် အဝေး​၌​ရှိ​သော​မြို့​ရှိသမျှ​တို့​ကို​လည်း ထိုသို့​ပြု​ရ​မည်​။ 16သို့သော် သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား​အမွေ​အဖြစ်​ပေး​တော်မူ​သော 17ဟိတ္တိ​လူမျိုး​၊ အာမောရိ​လူမျိုး​၊ ခါနာန်​လူမျိုး​၊ ဖေရဇိ​လူမျိုး​၊ ဟိဝိ​လူမျိုး​၊ ယေဗုသိ​လူမျိုး တို့​၏​မြို့​များ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း အကုန်အစင်​ဖျက်ဆီး​ရ​မည်​။ မည်သည့်​သက်ရှိသတ္တဝါ​ကို​မျှ အသက်ချမ်းသာ​မ​ပေး​ရ​။ 18သို့မဟုတ်လျှင် ထို​လူမျိုး​တို့​သည် သူ​တို့​၏​ဘုရား​များ​အတွက်​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​ရာ​ရှိသမျှ​တို့​ကို သင်​တို့​ကို​သင်ကြား​ပေး​၍ သင်​တို့​ပြု​သဖြင့် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ပြစ်မှား​ကြ​လိမ့်မည်​။ 19သင်​သည် မြို့​တစ်​မြို့​ကို သိမ်းယူ​ရန် အချိန်​ကြာမြင့်​စွာ​ဝိုင်းရံ​တိုက်ခိုက်​သောအခါ ထို​မြို့​ရှိ​သစ်ပင်​ကို ပုဆိန်​နှင့်​ပေါက်​၍ မ​ဖျက်ဆီး​ရ​။ ထို​အပင်​တို့​မှ အသီး​ကို သင်​စားသုံး​နိုင်​သည်​ဖြစ်၍ ထို​အပင်​တို့​ကို မ​ခုတ်လှဲ​ရ​။ ကွင်းပြင်​ရှိ​သစ်ပင်​တို့​ကို သင်​ဝိုင်းရံ​တိုက်ခိုက်​ရ​လေ​အောင် သစ်ပင်​ကား လူ​လော​။ 20သင်​ဝိုင်း​ထား​သော​မြို့​ကျရှုံး​သည်​အထိ တိုက်ခိုက်​ရာ​တွင် သီးစားပင်​မ​ဟုတ်​ဟု သင်​သိ​သည့်​အပင်​ကို ခုတ်လှဲ​၍ ကတုတ်​တည်ဆောက်​နိုင်​၏​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 20: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ