YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလအနာဂတ္တိကျမ်း 1:6-21

ဒံယေလအနာဂတ္တိကျမ်း 1:6-21 MSBU

ထို​သူ​တို့​ထဲတွင် ယုဒ​အမျိုးသား​ထဲမှ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ တို့​ပါ​၏​။ နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။ ဒံယေလ​သည် ဘုရင့်​အစားအစာ​နှင့် ဘုရင်​သောက်​သော​စပျစ်ဝိုင်​တို့​ဖြင့် မိမိကိုယ်ကို​မ​ညစ်ညူး​စေရန် စိတ်ပိုင်းဖြတ်​ထား​သဖြင့် ထို​အရာ​တို့​ဖြင့် မိမိကိုယ်ကို​ညစ်ညူး​အောင်​မ​ပြု​ပါရစေ​နှင့်​ဟု နန်းတော်အုပ်​ထံ အခွင့်တောင်း​လေ​၏​။ နန်းတော်အုပ်​သည် ဒံယေလ​အား ကျေးဇူးပြု​လို​သော​စိတ်​၊ သနား​လို​သော​စိတ်​ရှိ​အောင် ဘုရားသခင်​ပြု​ပေး​တော်မူ​၏​။ နန်းတော်အုပ်​က​လည်း ဒံယေလ​အား “​သင်​တို့​စား​သောက်​ရန် ကြီးကြပ်​စီမံ​ပေး​သော ငါ့​အရှင်​ဘုရင်​ကို ငါ​ကြောက်​၏​။ သင်​တို့​မျက်နှာ​သည် သင်​တို့​နှင့်​သက်တူရွယ်တူ​လူငယ်​တို့​၏​မျက်နှာ​နှင့်​မ​တူ ညှိုးငယ်​နေ​မည်​ကို အဘယ်ကြောင့် သူ့​ကို မြင်​စေ​မည်နည်း​။ သို့ဖြစ်လျှင် ငါ​သည် ဘုရင်​ထံမှ အပြစ်ဒဏ်​ခံရ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။ ထိုအခါ ဒံယေလ​က မိမိ​အပါအဝင် ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကို ကြည့်ရှု​ပေး​ရန် နန်းတော်အုပ်​ခန့်ထား​သော​စားတော်ကဲ​ထံ​သွား​၍ “​အသင့်​အစေအပါး​တို့​အား ဟင်းသီးဟင်းရွက်​ကို​သာ​ကျွေး​၍ ရေ​ကို​သာ​တိုက်​ခြင်း​ဖြင့် ဆယ်​ရက်​စမ်းသပ်​ကြည့်​ပါ​။ ထို့နောက် အကျွန်ုပ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​နှင့် ဘုရင့်​အစားအစာ​ကို​စား​သော​လူငယ်​တို့​၏​ရုပ်ဆင်းသွင်ပြင်​ကို ယှဉ်ကြည့်​ပါ​။ သို့ပြီးမှ အသင်​မြင်​သည့်​အတိုင်း အသင့်​ကျွန်​တို့​ကို စီရင်​ပါ​”​ဟု ဆို​၏​။ စားတော်ကဲ​သည်​လည်း ဒံယေလ​စကား​ကို သဘောတူ​၍ ဆယ်​ရက်​စမ်းသပ်​လေ​၏​။ ဆယ်​ရက်​စေ့​သောအခါ သူ​တို့​၏​ရုပ်ဆင်းသွင်ပြင်​သည် ဘုရင့်​အစားအစာ​ကို​စား​သော​အခြား​လူငယ်​တို့​ထက် ပို၍​ကျန်းမာ​ကြံ့ခိုင်​သည်​ကို တွေ့​ရ​၏​။ ထိုအခါ စားတော်ကဲ​သည် သူ​တို့​စား​ဖို့​အစာ​၊ သောက်​ဖို့​စပျစ်ဝိုင်​တို့​အစား သူ​တို့​အား ဟင်းသီးဟင်းရွက်​များ​ကို​သာ ကျွေး​လေ​၏​။ ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။ ဤသို့ဖြင့် သူ​တို့​ကို ဘုရင့်​ရှေ့​တော်​သွင်း​ရ​မည့်​နေ့​ရောက်လာ​သောအခါ နန်းတော်အုပ်​သည် သူ​တို့​ကို နေဗုခဒ်နေဇာ​မင်းကြီး​ရှေ့​တော်​သို့ ခေါ်ဆောင်​လာ​၏​။ ရှင်ဘုရင်​သည် သူ​တို့​နှင့်​အပြန်အလှန်​ပြောဆို​ကြည့်​သောအခါ ဒံယေလ​၊ ဟာနနိယ​၊ မိရှေလ​၊ အာဇရိ​တို့​ကဲ့သို့သော​သူ တစ်ယောက်​မျှ​မ​တွေ့​။ ထို့ကြောင့် သူ​တို့​သည် ဘုရင့်​ထံပါး​၌ ခစား​ခွင့်​ရ​လေ​၏​။ ရှင်ဘုရင်​မေးမြန်း​သမျှ​သော​ဉာဏ်စမ်း​မေးခွန်း​တို့​ကို ဖြေကြား​ရာ​တွင် သူ​တို့​သည် တစ်နိုင်ငံလုံး​ရှိ​နတ်ဝိဇ္ဇာဆရာ​များ​၊ ဂမ္ဘီရဆရာ​များ​ထက် ဆယ်​ဆ​မက သာ​သည်​ကို ရှင်ဘုရင်​တွေ့​ရ​၏​။ ဒံယေလ​သည် ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တိုင်အောင် ရှိ​နေ​ခဲ့​၏​။