YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 4

4
1သခင်​တို့၊ သင်​တို့​တွင်​လည်း ကောင်းကင်​၌​သခင်​တစ်​ပါး​ရှိ​ကြောင်း သိမှတ်​လျက် မိမိ​တို့​ကျွန်​များ​အပေါ် မှန်ကန်​မျှတ​စွာ ပြုမူ​ကြ​လော့။
အခြားသောညွှန်ကြားချက်များ
2ဆုတောင်း​ခြင်း​အမှု​ကို အစဉ်တစိုက်​ပြု​ကြ​လော့။ ထိုသို့​ပြု​ရာ​တွင် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​အားဖြင့် သတိ​ဝီရိယ​ရှိ​ကြ​လော့။ 3ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။ 4ထို​နက်နဲ​သော​အရာ​ကို ဟောပြော​သင့်​သည့်​အတိုင်း ရှင်းလင်း​ပြတ်သား​စွာ ငါ​ဟောပြော​နိုင်​ရန်​လည်း ဆုတောင်း​ပေး​ကြ​လော့။ 5အပြင်​လူ​တို့​ရှေ့တွင် ဉာဏ်ပညာ​ရှိ​စွာ​အသက်ရှင်​လျှောက်လှမ်း​၍ အချိန်အခါ​ကို ကောင်းစွာ​အသုံးချ​ကြ​လော့။ 6လူ​တစ်​ဦး​စီ​အား မည်သို့​ပြန်ဖြေ​ရ​မည်​ကို သင်​တို့​သိရှိ​နိုင်​ရန် သင်​တို့​၏​စကား​သည် ဆား​ဖြင့်​အရသာ​ရှိ​လျက် အစဉ်အမြဲ​တင့်တယ်​ခြင်း​ရှိ​ပါစေ။
နောက်ဆုံးနှုတ်ဆက်စကားများ
7သခင်​ဘုရား​၌ အစေအပါး​ချင်း​ဖြစ်​ပြီး သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​သည့် ချစ်​ရ​သော​ညီ​တုခိတ်​သည် ငါ​နှင့်​ပတ်သက်​သည့်​အကြောင်းအရာ​ရှိသမျှ​တို့​ကို သင်​တို့​အား ပြောပြ​လိမ့်မည်။ 8တုခိတ်​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​ခြင်း​မှာ ငါ​တို့​အကြောင်း​ကို သင်​တို့​သိရှိ​နိုင်​ရန်​နှင့် သူ​သည် သင်​တို့​၏​စိတ်နှလုံး​ကို နှစ်သိမ့်​ပေး​နိုင်​ရန်​ဖြစ်​၏။ 9သင်​တို့​ထဲက​တစ်ဦး​ဖြစ်​သူ၊ သစ္စာရှိ​သည့် ချစ်​ရ​သော​ညီ​ဩနေသိမ်​သည်​လည်း သူ​နှင့်အတူ​ပါ​၏။ သူ​တို့​သည် ဤ​အရပ်​၌ ဖြစ်ပျက်​နေ​သော​အကြောင်းအရာ​အားလုံး​ကို သင်​တို့​အား ပြောပြ​ကြ​လိမ့်မည်။
10ငါ​နှင့်အတူ​အကျဉ်းချ​ခံ​နေ​ရ​သူ​အာရိတ္တာခု​နှင့် ဗာနဗ​၏​ညီဝမ်းကွဲ​မာကု​တို့​သည် သင်​တို့​ကို နှုတ်ဆက်​လိုက်​ပါ​၏။ မာကု​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို​လက်ခံ​ကြ​ပါ​ဟူသည့် သူ​နှင့်​ပတ်သက်သော​ညွှန်ကြား​ချက်​များ​ကို သင်​တို့​ရရှိ​ထား​၏။ 11ယုစတု​ဟု​ခေါ်​သော​ယေရှု​လည်း သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ အရေဖျား​လှီး​ထား​သော​သူ​တို့​ထဲတွင် ဤ​သူ​တို့​သာလျှင် ဘုရားသခင်​၏​နိုင်ငံ​တော်​အတွက် ငါ​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​ဖြစ်​ကြ​ပြီး ငါ့​အား နှစ်သိမ့်​မှု​ပေး​သော​သူ​များ​ဖြစ်​ကြ​၏။ 12ခရစ်တော်​ယေရှု​၏​အစေအပါး​ဖြစ်၍ သင်​တို့​အထဲက​တစ်​ဦး​ဖြစ်​သော ဧပဖြ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ သင်​တို့​သည် စုံလင်​ရင့်ကျက်​သူ​အဖြစ်​ရပ်တည်​လျက် ဘုရားသခင်​၏​အလို​တော်​ရှိသမျှ​ကို အပြည့်အဝ​ဆောင်ရွက်​နိုင်​မည့်​အကြောင်း သူ​သည် သင်​တို့​အတွက် အစဉ်အမြဲ​ကြိုးစား​၍ ဆုတောင်း​ပေး​လျက်​ရှိ​၏။ 13အမှန်စင်စစ် သူ​သည် သင်​တို့​မှစ၍ လောဒိကိ​မြို့​နှင့်​ဟေရပေါလိ​မြို့​၌​ရှိ​သော​သူ​တို့​အတွက် အလွန်​ပင်ပန်း​စွာ​ကြိုးစား​လျက်​ရှိ​ကြောင်း ငါ​သက်သေခံ​၏။ 14ငါ​ချစ်​သော​ဆေးဆရာ​လုကာ​နှင့် ဒေမ​သည် သင်​တို့​ကို​နှုတ်ဆက်​လိုက်​ပါ​၏။ 15လောဒိကိ​မြို့​၌​ရှိ​သော​ညီအစ်ကို​များ​ကို​လည်းကောင်း၊ နုံဖ​နှင့် သူ​၏​အိမ်​၌​စုဝေး​သော​အသင်းတော်​ကို​လည်းကောင်း နှုတ်ဆက်​ပေး​ကြ​လော့။
16ဤ​စာ​ကို သင်​တို့​ဖတ်​ပြီး​သောအခါ လောဒိကိ​မြို့​၌​ရှိ​သော​အသင်းတော်​ကို​လည်း ဖတ်​စေ​ကြ​လော့။ ထို့အတူ လောဒိကိ​အသင်းတော်​မှ​ရ​လာ​သော​စာ​ကို​လည်း သင်​တို့​ဖတ်​ကြ​လော့။
17အာခိပ္ပု​အား “သခင်​ဘုရား​၌​ရရှိ​ထား​သော​အမှု​တော်​လုပ်ငန်း​ကို အလေး​ဂရုပြု​လျက် ပြီးမြောက်​အောင်​ဆောင်ရွက်​ပါ”​ဟု ပြောကြား​ကြ​လော့။
18ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ငါ​ခံရ​သော​အချုပ်အနှောင်​ကို သတိရ​ကြ​လော့။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

ကောလောသဲဩဝါဒစာ 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။