YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 2:4-15

ကောလောသဲဩဝါဒစာ 2:4-15 MSBU

မည်သူမျှ သင်​တို့​ကို ဖြားယောင်း​သော​စကား​ဖြင့် မ​လှည့်စား​စေရန် ဤသို့ ငါ​ပြောဆို​၏။ အကြောင်းမူကား ငါ​သည် ကိုယ်ခန္ဓာ​အားဖြင့် သင်​တို့​နှင့်​ကွဲကွာ​နေ​သော်လည်း စိတ်​ဝိညာဉ်​အားဖြင့်​မူကား သင်​တို့​နှင့်အတူ​ရှိ​၍ သင်​တို့​၏​အစီအစဉ်​တကျ​ရှိ​ခြင်း​နှင့် ခရစ်တော်​အပေါ် သင်​တို့​၏​ယုံကြည်​ခြင်း​ခိုင်မာ​မှု​တို့​ကို​တွေ့​သဖြင့် ဝမ်းမြောက်​၏။ ထို့ကြောင့် သင်​တို့​သည် သခင်​ခရစ်တော်​ယေရှု​ကို လက်ခံ​ကြ​သည်​နှင့်အညီ ထို​သခင်​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။ ကိုယ်တော်​၌​အမြစ်တွယ်​၍ တည်ဆောက်​ခြင်း​ခံရ​ကာ သင်​တို့​သင်ယူ​ခဲ့​သည့်​အတိုင်း ယုံကြည်​ခြင်း​၌​တည်မြဲ​လျက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်​ပြည့်စုံ​ကြ​လော့။ ခရစ်တော်​၏​တရား​၌​အခြေ​မ​ပြု​ဘဲ လောက​၏​အခြေခံ​တရား​နှင့် လူ​တို့​၏​ဓလေ့​ထုံးတမ်း​၌​အခြေပြု​သော အတွေးအခေါ်​ပညာ​နှင့် အနှစ်သာရ​ကင်းမဲ့​သော​လှည့်ဖြား​မှု​တို့​ဖြင့် မည်သူ​က​မျှ သင်​တို့​ကို​မ​လွှမ်းမိုး​မ​သိမ်းသွင်း​စေရန် သတိပြု​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရား​ဇာတိ​အဖြစ်​တော်​၏​ပြည့်စုံ​ခြင်း​အပေါင်း​သည် ခရစ်တော်​၌​ခန္ဓာ​အသွင်​အားဖြင့် ကိန်းဝပ်​တော်မူ​၏။ သင်​တို့​သည် အုပ်ချုပ်မှု​နှင့်​အာဏာစက်​ရှိသမျှ​တို့​၏​ဦးခေါင်း​ဖြစ်​တော်မူ​သော ထို​သခင်​အားဖြင့် ပြည့်စုံ​ခြင်း​သို့​ရောက်​ကြ​ပြီး ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။ သင်​တို့​သည် ဗတ္တိဇံ​အားဖြင့် ကိုယ်တော်​နှင့်အတူ​သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​လျက် ခရစ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​သော​ဘုရားသခင်​၏​တန်ခိုး​တော်​ကို ယုံကြည်​သော​အားဖြင့် ထို​သခင်​နှင့်အတူ ထမြောက်​စေ​ခြင်း​ကို​ခံရ​ကြ​၏။ ကျူးလွန်​သော​အပြစ်​များ​နှင့် ကိုယ်ကာယ​၏​အရေဖျား​မ​လှီး​ခြင်း​အဖြစ်​၌ သေ​နေ​သော​သင်​တို့​ကို ဘုရားသခင်​သည် ခရစ်တော်​နှင့်အတူ​အသက်ရှင်​စေ​တော်မူ​၍ ငါ​တို့​ကျူးလွန်​သော​အပြစ်​အလုံးစုံ​တို့​ကို ခွင့်လွှတ်​တော်မူ​ပြီး ငါ​တို့​ကို​ဆန့်ကျင်​၍​အပြစ်ရှာ​တတ်​သော​စည်းမျဉ်း​များ​ပါ​သည့် ကတိခံဝန်ချက်​ကို ပယ်ဖျက်​ကာ ၎င်း​ကို လက်ဝါးကပ်တိုင်​ပေါ်၌​ရိုက်​ထား​လျက် ဖယ်ရှား​တော်မူ​၏။ အုပ်ချုပ်မှု​များ​နှင့်​အာဏာစက်​များ​ကို​လည်း အစွမ်းမဲ့​စေ​၍ လက်ဝါးကပ်တိုင်​အားဖြင့် ၎င်း​တို့​ကို အောင်ပွဲ​ခံ​ပြီး အများတကာ​ရှေ့တွင် ထင်ရှား​စွာ​အရှက်ကွဲ​စေ​တော်မူ​၏။