YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 1:15-29

ကောလောသဲဩဝါဒစာ 1:15-29 MSBU

သား​တော်​သည် မ​မြင်ရ​သော​ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်​ပြီး ဖန်ဆင်း​တော်မူ​သော​အရာ​အားလုံး​တို့​တွင် သားဦး​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ကောင်းကင်​ဘုံ​၌​လည်းကောင်း၊ မြေကြီး​ပေါ်၌​လည်းကောင်း ရှိသမျှ​သော​မြင်​ရ​သည့်​အရာ​နှင့်​မ​မြင်ရ​သည့်​အရာ​များ၊ ရာဇပလ္လင်​များ​ဖြစ်စေ၊ စိုးပိုင်ခွင့်​များ​ဖြစ်စေ၊ အုပ်ချုပ်မှု​များ​ဖြစ်စေ၊ အာဏာစက်​များ​ဖြစ်စေ သား​တော်​အားဖြင့် ဖန်ဆင်း​ခြင်း​ခံရ​၏။ ခပ်သိမ်း​သော​အရာ​တို့​သည် သား​တော်​အားဖြင့်​လည်းကောင်း၊ သား​တော်​အတွက်​လည်းကောင်း ဖန်ဆင်း​ခြင်း​ခံရ​၏။ သား​တော်​သည် ခပ်သိမ်း​သော​အရာ​တို့​ထက် အလျင်​ဦးစွာ​ရှိ​နှင့်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​သည် ကိုယ်တော်​၌​စုပေါင်း​တည်ရှိ​ကြ​၏။ ကိုယ်တော်​သည် အသင်းတော်​တည်းဟူသော ကိုယ်ခန္ဓာ​တော်​၏​ဦးခေါင်း​ဖြစ်​တော်မူ​၍ ခပ်သိမ်း​သော​အရာ​တို့​၌ အထွတ်အထိပ်​ဖြစ်​မည့်​အကြောင်း အစအဦး​ဖြစ်​တော်မူ​ပြီး သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ဖွားမြင်​လာ​သူ​ဖြစ်​တော်မူ​၏။ အကြောင်းမူကား ဘုရားသခင်​သည် ခပ်သိမ်း​သော​ပြည့်စုံ​ခြင်း​ကို သား​တော်​၌ ကိန်းဝပ်​စေရန်​လည်းကောင်း၊ လက်ဝါးကပ်တိုင်​ပေါ်၌​သွန်း​သော သား​တော်​၏​သွေး​တော်​အားဖြင့် ရန်ငြိမ်း​စေ​၍ ကောင်းကင်​ဘုံ​၌​ရှိ​သော​အရာ​များ​ဖြစ်စေ၊ မြေကြီး​ပေါ်၌​ရှိ​သော​အရာ​များ​ဖြစ်စေ ခပ်သိမ်း​သော​အရာ​တို့​ကို သား​တော်​အားဖြင့် မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေရန်​လည်းကောင်း အလိုရှိ​တော်မူ​၏။ ယခင်​က သင်​တို့​သည် ဆိုးညစ်​သော​အမှု​များ​ကို​ပြု​ခြင်း​အားဖြင့် ဘုရားသခင်​နှင့်​ကင်းကွာ​လျက် စိတ်နှလုံး​၌​ရန်သူ​ဖြစ်​ကြ​၏။ ယခု​မူကား သွေးသား​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​၌ သား​တော်​ကို​အသေခံ​စေ​ခြင်း​အားဖြင့် ဘုရားသခင်​သည် သင်​တို့​ကို မိမိ​နှင့်​ပြန်လည်​သင့်မြတ်​စေ​တော်မူ​၏။ ဤသည်ကား သန့်ရှင်း​လျက်​အပြစ်​အနာအဆာ​ကင်း​၍ အပြစ်တင်​စရာ​မ​ရှိ​သော​သင်​တို့​ကို မိမိ​၏​ရှေ့​တော်​သို့ ဆက်သ​နိုင်​ရန်​ဖြစ်​၏။ သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။ ငါ​သည် သင်​တို့​အတွက်​ခံရ​သော​ဒုက္ခ​ဝေဒနာ​၌ ယခု​ဝမ်းမြောက်​၍ ခရစ်တော်​၏​ဆင်းရဲ​ဒုက္ခ​တွင် လိုအပ်​သေး​သည့်​အပိုင်း​ကို ကိုယ်တော်​၏​ကိုယ်ခန္ဓာ​တည်းဟူသော​အသင်းတော်​အတွက် ငါ​၏​ကိုယ်ကာယ​၌ ဖြည့်ဆည်း​လျက်​ရှိ​၏။ ဘုရားသခင်​၏​နှုတ်ကပတ်​တော်​ကို အပြည့်အဝ​ဟောပြော​စေရန် သင်​တို့​အတွက် ငါ့​အား​ပေး​တော်မူ​သော ဘုရားသခင်​၏​စီမံ​ခန့်ခွဲ​မှု​နှင့်အညီ ငါ​သည် ထို​အသင်းတော်​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။ ထို​နှုတ်ကပတ်​တော်​သည် ရှေး​ကာလ​များ​မှစ၍ ခေတ်ကာလ​အစဉ်အဆက်​ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ မိမိ​၏​သန့်ရှင်း​သူ​တို့​အား ဖွင့်ပြ​တော်မူ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ဖြစ်​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လူမျိုးခြား​တို့​တွင် ဘုန်း​အသရေ​နှင့်​မည်မျှ​ကြွယ်ဝ​သည်​ကို သန့်ရှင်း​သူ​တို့​အား​သိ​စေရန် ဘုရားသခင်​အလိုရှိ​တော်မူ​၏။ ဤ​လျှို့ဝှက်​နက်နဲ​သော​အရာ​မှာ ဘုန်း​အသရေ​တော်​နှင့်ဆိုင်သော​မျှော်လင့်​ခြင်း​ဖြစ်​သည့် သင်​တို့​ထဲ၌​ရှိ​တော်မူ​သော​ခရစ်တော်​ဖြစ်​၏။ ငါ​တို့​သည် လူ​တိုင်း​ကို ခရစ်တော်​၌​စုံလင်​ရင့်ကျက်​သော​သူ​အဖြစ် ဆက်သ​နိုင်​ရန် လူ​တိုင်း​ကို သတိပေး​ဆုံးမ​ကာ ဉာဏ်ပညာ​ရှိသမျှ​တို့​ဖြင့် လူ​တိုင်း​ကို သွန်သင်​လျက် ထို​သခင်​အကြောင်း​ကို ဟောပြော​ကြ​၏။ ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။