YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲဩဝါဒစာ 1:1-14

ကောလောသဲဩဝါဒစာ 1:1-14 MSBU

ဘုရားသခင်​၏​အလို​တော်​အားဖြင့် ခရစ်တော်​ယေရှု​၏​တမန်တော်​ဖြစ်​သော ငါ​ပေါလု​နှင့် ငါ့​ညီ​တိမောသေ​တို့​သည် ကောလောသဲ​မြို့​တွင်​နေ​ကြ​သည့် သန့်ရှင်း​သူ​များ​တည်းဟူသော ခရစ်တော်​၌​ရှိ​သော​သစ္စာရှိ​သည့်​ညီအစ်ကို​များ​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ငါ​တို့​အဖ​ဘုရားသခင်​ထံမှ ကျေးဇူး​တော်​နှင့်​ငြိမ်သက်​ခြင်း​သည် သင်​တို့​၌​ရှိ​ပါစေသော။ ငါ​တို့​သည် သင်​တို့​အတွက် အစဉ်အမြဲ​ဆုတောင်း​လျက် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​ကို ကျေးဇူးတင်​ကြ​၏။ အကြောင်းမှာ ခရစ်တော်​ယေရှု​အပေါ်​၌​ရှိ​သော​သင်​တို့​၏​ယုံကြည်​ခြင်း​နှင့် သန့်ရှင်း​သူ​အပေါင်း​တို့​အပေါ် သင်​တို့​ထားရှိ​သည့် ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​ကြား​ရ​သောကြောင့်​ဖြစ်​၏။ ထို​ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​သည် သင်​တို့​အတွက် ကောင်းကင်​ဘုံ​၌​သိုမှီး​ထား​သော မျှော်လင့်​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​၍ ထို​မျှော်လင့်​ခြင်း​အကြောင်း​ကို သင်​တို့​ထံသို့​ရောက်လာ​သည့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သော သမ္မာတရား​၏​နှုတ်ကပတ်တော်​၌ သင်​တို့​ကြား​ခဲ့​ရ​ကြ​ပြီ။ ထို​သတင်း​သည် ကမ္ဘာ​တစ်ဝန်းလုံး​၌ အသီး​သီး​ကာ တိုးပွား​လျက်​ရှိ​သကဲ့သို့ ၎င်း​ကို​သင်​တို့​ကြားနာ​လျက် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို မှန်ကန်​စွာ​သိရှိ​ရ​သော​နေ့​မှစ၍ သင်​တို့​ထဲ၌​လည်း အသီးသီး​ကာ တိုးပွား​လျက်​ရှိ​၏။ သင်​တို့​သည် ထို​သတင်း​ကို ငါ​တို့​၏​အစေအပါး​ချင်း​ဖြစ်​သည့် ချစ်​ရ​သော​ဧပဖြ​ထံမှ ကြားသိ​ခဲ့​၏။ သူ​သည် သင်​တို့​အတွက် ခရစ်တော်​၏ သစ္စာရှိ​သော​အမှု​တော်​ဆောင်​ဖြစ်​၍ ဝိညာဉ်​တော်​အားဖြင့်​ဖြစ်လာ​သော သင်​တို့​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို ငါ​တို့​အား​ပြောပြ​၏။ ထို့ကြောင့် ငါ​တို့​သည်​လည်း ကြား​ရ​သည့်​နေ့​မှစ၍ သင်​တို့​အတွက် အစဉ်မပြတ်​ဆုတောင်း​လျက် သင်​တို့​သည် ဝိညာဉ်ရေး​ဆိုင်ရာ​ဉာဏ်ပညာ​နှင့် တတ်သိ​နားလည်​မှု​အလုံးစုံ​တို့​ဖြင့် ဘုရားသခင်​၏​အလို​တော်​ကို​သိ​သော​ဉာဏ်​နှင့်​ပြည့်ဝ​၍ ကောင်း​သော​အမှု​အမျိုးမျိုး​တည်းဟူသော အသီး​ကို​သီး​ကာ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​၌​ကြီးထွား​သဖြင့် အရာရာ​၌ သခင်​ဘုရား​ကို​နှစ်သက်​စေ​၍ ကိုယ်တော်​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​နိုင်​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့် သင်​တို့​ကို အလင်း​ထဲ၌​ရှိ​သော သန့်ရှင်း​သူ​များ​၏​ဝေစု​၌​ပါဝင်​ရန် ထိုက်တန်​သူ​ဖြစ်စေ​တော်မူ​သော​ခမည်းတော်​ကို ဝမ်းမြောက်​သော​စိတ်​နှင့် ကျေးဇူးတင်​ကြ​မည့်​အကြောင်း တောင်းလျှောက်​ကြ​၏။ ခမည်းတော်​သည် ငါ​တို့​ကို မှောင်မိုက်​ခြင်း​၏​အာဏာစက်​မှ ကယ်နုတ်​၍ မိမိ​ချစ်​တော်မူ​သော သား​တော်​၏​နိုင်ငံ​တော်​ထဲသို့ ရွှေ့ပြောင်း​ပို့ဆောင်​တော်မူ​၏။ ငါ​တို့​သည် ထို​သား​တော်​အားဖြင့် ရွေးနုတ်​ခြင်း​တည်းဟူသော အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​ကို ရရှိ​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။