YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 1:3-15

အာမုတ်အနာဂတ္တိကျမ်း 1:3-15 MSBU

ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “ဒမတ်စကပ်​မြို့သား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ဂိလဒ်​ပြည်​ကို ကောက်နယ်​သံ​တလိမ့်တုံး​ဖြင့် နင်းနယ်​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် ဟာဇေလ​အမျိုးအနွယ်​ပေါ်သို့ မီး​ကို​လွှတ်​၍ ဗင်္ဟာဒဒ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ ဒမတ်စကပ်​မြို့​၏​ကန့်လန့်ကျင်​ကို ချိုးဖျက်​ပစ်​မည်​။ အာဝင်​ချိုင့်​သား​တို့​နှင့် ဗေသေဒင်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို သုတ်သင်​ပစ်​မည်​။ အာရံ​ပြည်သား​တို့​ကို ကိရ​ပြည်​သို့​ဖမ်းခေါ်​သွား​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ “​ဂါဇ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ပြည်သူ​တစ်ရပ်လုံး​ကို​ဖမ်းခေါ်​သွား​ပြီး ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် ဂါဇ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ အာဇုတ်​မြို့သား​များ​နှင့် အာရှကေလုန်​မြို့​မှ ရာဇလှံတံ​စွဲကိုင်​သူ​ကို ဖယ်ရှား​ပစ်​မည်​။ ကြွင်းကျန်ရစ်​သော​ဖိလိတ္တိ​လူမျိုး​တို့ ပျက်စီး​ကုန်​သည့်​တိုင်အောင် ဧကြုန်​မြို့​ကို ငါ​ကိုယ်တိုင် ဖျက်ဆီး​ပစ်​မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​တိုင်ရာ​မြို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ဖွဲ့​သော​ပဋိညာဉ်​ကို မ​အောက်မေ့​ဘဲ ပြည်သူ​တစ်ရပ်လုံး​ကို ဧဒုံ​ပြည်​သို့ အပ်​လိုက်​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် တိုင်ရာ​မြို့ရိုး​အပေါ် မီး​ကို​လွှတ်​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​က “​ဧဒုံ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် ညီအစ်ကိုချင်း​ကို သနားညှာတာစိတ်​မ​ထား​၊ ဓား​နှင့်​လိုက်လံ​ညှဉ်းဆဲ​တတ်​၏​။ အမျက်မပြေ​၊ ဒေါသ​ထွက်​လျက် ကိုက်ဖဲ့​တတ်​၏​။ ထို့ကြောင့် ငါ​သည် တေမန်​မြို့​အပေါ် မီး​ကို​လွှတ်​၍ ဗောဇရ​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​အမ္မုန်​အမျိုးသား​တို့​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​တို့​သည် နယ်မြေ​ချဲ့ထွင်​ရာ​၌ ဂိလဒ်​ပြည်​ရှိ ကိုယ်ဝန်ဆောင်​မိန်းမ​တို့​၏​ဝမ်း​ကို ခွဲပစ်​ကြ​၏​။ ထို့ကြောင့် စစ်​ဖြစ်​သည့်​နေ့​တွင်​ကြွေးကြော်​သော​အသံ​နှင့်အတူ​၊ လေပြင်းကျ​သည့်​နေ့​တွင်​တိုက်​သော​မုန်တိုင်း​နှင့်အတူ ငါ​သည် ရဗ္ဗာ​မြို့ရိုး​ကို မီး​ရှို့​၍ ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ သူ​တို့​၏​ရှင်ဘုရင်​နှင့် မှူးမတ်​တို့​သည်​လည်း ဖမ်းခေါ်​သွား​ခြင်း​ခံရ​မည်​”​ဟု မိန့်​တော်မူ​၏​။