YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 9:36-42

တမန်တော်ဝတ္ထု 9:36-42 MSBU

ယုပ္ပေ​မြို့​တွင် ဒေါ်ကာ​ဟု အဓိပ္ပာယ်​ရ​သည့် တဗိသ​အမည်​ရှိ​သော တပည့်​တော်​မ​တစ်​ဦး​ရှိ​၏။ သူ​သည် ကောင်း​သော​အမှု၊ ပေးကမ်း​စွန့်ကြဲ​ခြင်း​အမှု​တို့​နှင့် ပြည့်စုံ​၏။ ထို​နေ့ရက်​များ​တွင် သူ​သည် နာမကျန်း​ဖြစ်​ပြီး​သေဆုံး​သွား​သဖြင့် လူ​တို့​သည် သူ​၏​အလောင်း​ကို​ရေချိုး​ပေး​ပြီးလျှင် အထက်ခန်း​၌ ထား​ကြ​၏။ ယုပ္ပေ​မြို့​သည် လုဒ္ဒ​မြို့​နှင့် နီး​သည်​ဖြစ်​၍ လုဒ္ဒ​မြို့​တွင် ပေတရု​ရှိ​ကြောင်း တပည့်​တော်​တို့​ကြား​လျှင် လူ​နှစ်​ဦး​ကို သူ့​ထံသို့​စေလွှတ်​ကာ “အကျွန်ုပ်​တို့​ထံသို့ အလျင်အမြန်​ကြွလာ​ခဲ့​ပါ”​ဟု တောင်းပန်​ကြ​၏။ ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။ ပေတရု​သည် အားလုံး​ကို အခန်း​အပြင်​သို့​ထွက်​စေ​ပြီးလျှင် ဒူး​ထောက်​လျက် ဆုတောင်း​လေ​၏။ ထို့နောက် အလောင်း​ဘက်သို့​လှည့်​၍ “တဗိသ၊ ထ​လော့”​ဟု ဆို​လေ​ရာ တဗိသ​သည် မိမိ​မျက်စိ​ကို​ဖွင့်​ပြီး ပေတရု​ကို​မြင်​သောအခါ ထ​၍​ထိုင်​လေ​၏။ ပေတရု​သည် လက်​ကမ်း​ပေး​၍ သူ့​ကို​ဆွဲထူ​ပြီးလျှင် သန့်ရှင်း​သူ​တို့​နှင့်​မုဆိုးမ​တို့​ကို​ခေါ်​၍ အသက်ရှင်​လျက်​ရှိ​သော​တဗိသ​ကို ပြ​လေ​၏။ ဤ​သတင်း​သည် ယုပ္ပေ​တစ်​မြို့​လုံး​အနှံ့​ကျော်ကြား​သွား​၍ လူ​များစွာ​တို့​သည် သခင်​ဘုရား​ကို​ယုံကြည်​ကြ​၏။