YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 9:23-30

တမန်တော်ဝတ္ထု 9:23-30 MSBU

ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။ သို့သော် ရှောလု​၏​တပည့်​တို့​သည် ည​အချိန်​၌ သူ့​ကို​ခေါ်ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့ရိုး​ပေါ်မှ​လျှောချ​ကြ​၏။ ရှောလု​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​သောအခါ တပည့်​တော်​များ​နှင့်​ပေါင်းဖော်​ရန် ကြိုးစား​သော်လည်း သူ​တို့​အားလုံး​သည် သူ့​ကို တပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​ကြ​၏။ သို့သော် ဗာနဗ​သည် သူ့​ကို​ဖေးမ​၍ တမန်တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​ပြီးလျှင် ရှောလု​သည် လမ်း​ခရီး​၌ သခင်​ဘုရား​ကို တွေ့မြင်​ခဲ့​ပုံ​မှစ၍ သခင်​ဘုရား​က သူ့​အား​မိန့်​တော်မူ​ခဲ့​ပုံ​နှင့် ဒမတ်စကပ်​မြို့​တွင် ယေရှု​၏​နာမ​တော်​၌ ရဲရင့်​စွာ သူ​ဟောပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြောပြ​လေ​၏။ ထို့နောက် ရှောလု​သည် ဂျေရုဆလင်​မြို့​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဝင်​ထွက်​သွားလာ​ကာ သခင်​ဘုရား​၏​နာမ​တော်​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ သူ​သည် ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သို့သော် သူ​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​အားထုတ်​ကြ​၏။ ထို​အကြောင်း​ကို ညီအစ်ကို​တို့​ကြားသိ​ကြ​သောအခါ သူ့​ကို ဆီဇာရီးယား​မြို့​သို့ ခေါ်ဆောင်​သွား​၍ တာရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။