YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 7:17-38

တမန်တော်ဝတ္ထု 7:17-38 MSBU

အာဗြဟံ​အား ဘုရားသခင်​ကတိ​ပေး​တော်မူ​သော ကတိ​တော်​၏​နေ့ရက်​နီးကပ်​လာ​သည်​နှင့်အညီ လူမျိုး​တော်​သည် အီဂျစ်​ပြည်​တွင် တိုးပွား​လျက်​များပြား​လာ​၍ အီဂျစ်​ပြည်​၌ ယောသပ်​ကို​မ​သိ​သော အခြား​ဘုရင်​တစ်​ပါး​ပေါ်ထွန်း​သည်​အထိ ထိုသို့​တိုးပွား​များပြား​လေ​၏။ ထို​ဘုရင်​သည် ငါ​တို့​လူမျိုး​အပေါ်​ဉာဏ်ဆင်​လျက် ငါ​တို့​၏​ဘိုးဘေး​များ​ကို မတရား​နှိပ်စက်​ကာ သူ​တို့​၏​ကလေးငယ်​များ​ကို အသက်​မ​ရှင်​စေ​ရန် ပစ်​ထား​စေ​၏။ ထိုသို့သော​အချိန်​၌ မောရှေ​သည် မွေးဖွား​လာ​ခဲ့​၏။ သူ​သည် ဘုရားသခင်​ရှေ့​တော်​၌ အဆင်းလှ​သော​ကလေး​ဖြစ်​ပြီး ဖခင်​၏​အိမ်​၌ သုံး​လ​တိုင်တိုင်​ကျွေးမွေး​ပြုစု​ခြင်း​ခံရ​၏။ ထို့နောက် အပြင်​၌​ထုတ်​ထား​သောအခါ ဖာရော​ဘုရင်​၏​သမီး​တော်​သည် သူ့​ကို​ကောက်ယူ​၍ မိမိ​သား​အဖြစ်​မွေးစား​လေ​၏။ မောရှေ​သည် အီဂျစ်​လူမျိုး​တို့​၏​အတတ်​ပညာ​အလုံးစုံ​တို့​ကို သင်ကြား​တတ်မြောက်​သဖြင့် ပြောဆို​မှု​နှင့်​လုပ်ဆောင်​မှု​တို့​၌ အစွမ်းသတ္တိ​ရှိ​၏။ သူ​သည် အသက်​လေးဆယ်​ပြည့်​သောအခါ မိမိ​ညီအစ်ကို​များ​ဖြစ်​ကြ​သော အစ္စရေး​အမျိုးသား​တို့​ကို အကြည့်အရှု​သွား​လို​သော​စိတ်​ဆန္ဒ​ဖြစ်ပေါ်​လာ​လေ​၏။ ထို့နောက် လူ​တစ်​ဦး​သည် မတရား​သဖြင့်​ပြုမူ​ခြင်း​ခံ​နေ​ရ​သည်​ကို​မြင်​၍ ထို​သူ​ကို​ကာကွယ်​လျက် အီဂျစ်​အမျိုးသား​ကို​ရိုက်​သတ်​ကာ ဖိနှိပ်​ခံရ​သူ​အတွက် လက်တုံ့ပြန်​လေ​၏။ မောရှေ​က သူ့​လက်​ဖြင့် သူ​၏​ညီအစ်ကို​တို့​အား လွတ်မြောက်​ခြင်း​ကို ဘုရားသခင်​ပေး​တော်မူ​မည်​ဖြစ်​ကြောင်း သူ​တို့​နားလည်​ကြ​လိမ့်မည်​ဟု ထင်​ခဲ့​သော်လည်း သူ​တို့​သည်​နား​မ​လည်​ခဲ့​ကြ​ပေ။ နောက်တစ်နေ့​တွင် မောရှေ​သည် အစ္စရေး​လူမျိုး​အချင်းချင်း​ခိုက်ရန်​ဖြစ်​နေ​ကြ​သည်​ကို​မြင်​၍ ‘မိတ်ဆွေ​တို့၊ သင်​တို့​သည် ညီအစ်ကို​ချင်း​ဖြစ်​ကြ​ပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်း​မတရား​သဖြင့်​ပြု​ကြ​သနည်း’​ဟု သူ​တို့​အား​ဆို​လျက် သင့်မြတ်​ငြိမ်းချမ်း​ကြ​ရန် ဖျန်ဖြေ​ပေး​၏။ သို့သော် အိမ်နီးချင်း​ကို မတရား​သဖြင့်​ပြု​နေ​သော​သူ​သည် မောရှေ​ကို​တွန်းဖယ်​၍ ‘မည်သူ​သည် သင့်​ကို ငါ​တို့​၏​အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း။ သင်​သည် မနေ့​က အီဂျစ်​လူမျိုး​ကို​သတ်​သကဲ့သို့ ငါ့​ကို​သတ်​လို​သလော’​ဟု ဆို​လေ​၏။ မောရှေ​သည် ထို​စကား​ကို​ကြား​လျှင် ထွက်ပြေး​၍ မိဒျန်​ပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​ကာ ထို​ပြည်​၌ သား​နှစ်​ယောက်​ရ​ခဲ့​၏။ အနှစ်​လေးဆယ်​ပြည့်​သောအခါ သိနာ​တောင်​၏​တော​ကန္တာရ​တွင် ကောင်းကင်တမန်​တစ်​ပါး​သည် မီး​တောက်လောင်​သော​ချုံပုတ်​ထဲ၌ မောရှေ​ထံ ထင်ရှား​လေ​၏။ ထို​ရူပါရုံ​ကို​မြင်ရ​သောအခါ မောရှေ​သည်​အံ့သြ​လျက် ၎င်း​ကို သေချာစွာ​ကြည့်ရှု​ရန် ချဉ်းကပ်​ရာ ‘ငါ​သည် သင့်​ဘိုးဘေး​တို့​၏​ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်​တို့​၏​ဘုရား​ဖြစ်​၏’​ဟူ၍ ထာဝရ​ဘုရား​၏​အသံ​တော်​ထွက်ပေါ်​လာ​၏။ ထိုအခါ မောရှေ​သည် တုန်လှုပ်​လျက် မ​ကြည့်​ဝံ့​ဘဲ​နေ​၏။ တစ်ဖန် ထာဝရ​ဘုရား​က ‘သင်​ရပ်​နေ​သော​နေရာ​သည် သန့်ရှင်း​သော​မြေ​ဖြစ်​၍ သင်​၏​ခြေ​မှ​ဖိနပ်​ကို​ချွတ်​လော့။ ငါ​သည် အီဂျစ်​ပြည်​၌​ရှိ​သော ငါ​၏​လူမျိုး​တော်​ခံ​နေ​ရ​သည့် ဆင်းရဲ​ဒုက္ခ​ကို​တွေ့​မြင်​လျက် သူ​တို့​၏​ညည်းတွား​သံ​ကို​ကြား​ရ​သည်​ဖြစ်၍ သူ​တို့​ကို​ကယ်နုတ်​ရန် ဆင်းလာ​ပြီ။ ထို့ကြောင့် ယခု​လာ​ခဲ့​လော့။ သင့်​ကို အီဂျစ်​ပြည်​သို့ ငါ​စေလွှတ်​မည်’​ဟု မိန့်​တော်မူ​၏။ ဤသို့ဖြင့် ‘မည်သူ​သည် သင့်​ကို အကြီးအကဲ​နှင့်​တရားသူကြီး​အရာ​၌ ခန့်ထား​သနည်း’​ဟု ဆို​လျက် လူတို့​ငြင်းပယ်​ခဲ့​သော ထို​မောရှေ​ကို ဘုရားသခင်​သည် ချုံပုတ်​ထဲ၌ ထင်ရှား​သော​ကောင်းကင်တမန်​အားဖြင့် အကြီးအကဲ​နှင့်​ရွေးနုတ်​ကယ်တင်​သူ​အဖြစ် စေလွှတ်​တော်မူ​၏။ သူ​သည် အစ္စရေး​လူမျိုး​တို့​ကို​ထုတ်ဆောင်​လာ​၍ အီဂျစ်​ပြည်​၌​လည်းကောင်း၊ ပင်လယ်​နီ​၌​လည်းကောင်း၊ အနှစ်​လေးဆယ်​တိုင်တိုင် တော​ကန္တာရ​၌​လည်းကောင်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​ကို​ပြု​ခဲ့​၏။ ထို​မောရှေ​သည် အစ္စရေး​အမျိုးသား​တို့​အား ‘ဘုရားသခင်​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်’​ဟု ပြောဆို​ခဲ့​သူ​ဖြစ်​၏။ သူ​သည် သိနာ​တောင်​၌ သူ့​အား​စကား​ပြော​ခဲ့​သော​ကောင်းကင်တမန်​မှစ၍ ငါ​တို့​၏​ဘိုးဘေး​များ​နှင့်အတူ တော​ကန္တာရ​တွင်​ရှိ​သော​လူ​အစုအဝေး​ထဲ၌​ရှိ​လျက် ငါ​တို့​အား​ပေးအပ်​ရန် အသက်ရှင်​သော​နှုတ်ကပတ်​တရား​ကို လက်ခံ​ရရှိ​ခဲ့​၏။