YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 7:1-8

တမန်တော်ဝတ္ထု 7:1-8 MSBU

ထိုအခါ ယဇ်ပုရောဟိတ်​မင်း​က ဤ​ထွက်ဆိုချက်​အတိုင်း​ဟုတ်​၊ မ​ဟုတ် မေး​လေ​သော် သတေဖန်​က “ညီအစ်ကို​တို့​နှင့်​အဖ​တို့၊ နားထောင်​ကြ​ပါ။ ငါ​တို့​အဖ​အာဗြဟံ​သည် ခါရန်​မြို့​၌​မ​နေထိုင်​မီ မက်ဆိုပိုတေးမီးယား​ပြည်​၌​ရှိ​စဉ် ဘုန်း​ကြီး​တော်မူ​သော​ဘုရားသခင်​သည် သူ့​အား​ထင်ရှား​လျက် ‘သင်​၏​ပြည်​နှင့် သင်​၏​ဆွေမျိုးသားချင်း​တို့​ထံမှ ထွက်ခွာ​၍ သင့်​ကို ငါ​ပြ​မည့်​ပြည်​သို့ သွား​လော့’​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​သည် ခါလဒဲ​လူမျိုး​တို့​၏​ပြည်​မှ ထွက်ခွာ​၍ ခါရန်​မြို့​၌​နေထိုင်​လေ​၏။ သူ​၏​ဖခင်​သေဆုံး​ပြီးနောက် ဘုရားသခင်​သည် သူ့​ကို ထို​နေရာ​မှ ယခု ငါ​တို့​နေထိုင်​သော​ပြည်​သို့ ပြောင်းရွှေ့​စေ​တော်မူ​၏။ သို့သော် ဤ​ပြည်​၌ ခြေ​ချ​စရာ​နေရာ​ကို​မျှ အမွေ​အဖြစ်​ပေး​တော်​မ​မူ​ဘဲ သူ​ကိုယ်တိုင်​နှင့် သူ​၏​အမျိုးအနွယ်​တို့​အား ဤ​ပြည်​ကို​အပိုင်​ပေး​မည်​ဟု သူ​၌​ကလေး​တစ်ယောက်မျှ​မ​ရှိ​မီ သူ့​အား ကတိ​ပေး​တော်မူ​၏။ တစ်ဖန် ဘုရားသခင်​က သူ​၏​အမျိုးအနွယ်​သည် သူတစ်ပါး​၏​တိုင်းပြည်​တွင် ဧည့်သည်​အဖြစ်​နေထိုင်​မည်​ဖြစ်​ကြောင်း​နှင့် ထို​တိုင်းပြည်​မှ​လူ​တို့​သည် သူ​တို့​ကို​ကျွန်​ပြု​၍ အနှစ်​လေးရာ​ပတ်လုံး မတရား​နှိပ်စက်​မည်​ဖြစ်​ကြောင်း မိန့်​တော်မူ​၏။ ဘုရားသခင်​က ‘သူ​တို့​ကျွန်ခံ​ရ​သော​လူမျိုး​ကို ငါ​စီရင်​မည်။ ထို့နောက် သူ​တို့​သည် ထွက်ခွာ​လာ​၍ ဤ​နေရာ​၌ ငါ့​ကို​ဝတ်ပြု​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။ ဘုရားသခင်​သည် အရေဖျား​လှီး​ခြင်း​နှင့်ဆိုင်သော​ပဋိညာဉ်​ကို​လည်း အာဗြဟံ​အား​ပေး​တော်မူ​သဖြင့် သူ​သည် သား​ဣဇက်​ကို​ရ​သောအခါ ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​ခဲ့​၏။ ဣဇက်​သည် သား​ယာကုပ်​ကို​လည်းကောင်း​၊ ယာကုပ်​သည် တစ်ဆယ့်နှစ်​ပါး​သော​မျိုးနွယ်စု​ဖခင်​တို့​ကို​လည်းကောင်း ရ​လေ​၏။