YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 3

3
ခြေမသန်စွမ်းသူကို အကောင်းပကတိဖြစ်စေခြင်း
1တစ်ခါက ပေတရု​နှင့်​ယောဟန်​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​ချိန်​ဖြစ်​သည့် မွန်းလွဲ​သုံး​နာရီ​တွင် ဗိမာန်​တော်​သို့​တက်​သွား​ကြ​၏။ 2ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။ 3ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့ ဗိမာန်​တော်​ထဲသို့​ဝင်​မည်​ပြု​သည်​ကို​မြင်​သောအခါ ပေးကမ်း​စွန့်ကြဲ​ရန်​တောင်းခံ​လေ​၏။ 4ပေတရု​သည် ယောဟန်​နှင့်အတူ သူ့​ကို​စေ့စေ့​ကြည့်​လျက် “ငါ​တို့​ကို​ကြည့်​ပါ”​ဟု ဆို​၏။ 5ထို​သူ​သည်​လည်း သူ​တို့​ထံမှ တစ်စုံတစ်ခု​ရ​မည်​ဟု​မျှော်လင့်​၍ သူ​တို့​ကို အာရုံစိုက်​လျက်​နေ​၏။ 6ထိုအခါ ပေတရု​က “ငါ​၌ ရွှေ၊ ငွေ​မ​ရှိ။ သို့သော် ရှိ​သည့်​အရာ​ကို သင့်​အား ငါ​ပေး​မည်။ နာဇရက်​မြို့သား​ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ထ​၍ လမ်းလျှောက်​လော့”​ဟု ဆို​လျက် 7ထို​သူ​၏​လက်ယာ​လက်​ကို​ဆုပ်ကိုင်​၍ ထူမ​လိုက်​ရာ သူ​၏​ခြေ​နှင့်​ခြေကျင်းဝတ်​တို့​သည် ချက်ချင်း​သန်မာ​လာ​သဖြင့် 8သူ​သည် ထခုန်​လျက်​မတ်တတ်​ရပ်​ကာ လမ်းလျှောက်​လေ​၏။ ထို့နောက် လမ်းလျှောက်​လျက်၊ ခုန်ပေါက်​လျက်၊ ဘုရားသခင်​ကို​ချီးမွမ်း​လျက် တမန်တော်​တို့​နှင့်အတူ ဗိမာန်​တော်​ထဲသို့​ဝင်​လေ​၏။ 9ထိုအခါ လူ​အပေါင်း​တို့​သည် လမ်းလျှောက်​လျက် ဘုရားသခင်​ကို​ချီးမွမ်း​နေ​သော ထို​သူ​ကို​မြင်​၍ 10သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။
ရှောလမုန်မုခ်ဆောင်၌ ဟောပြောခြင်း
11ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အပေါင်း​တို့​သည် အလွန်​အံ့ဩ​၍ ရှောလမုန်​မုခ်ဆောင်​ဟု​ခေါ်​သည့်​နေရာ​၌​ရှိ​သော သူ​တို့​ထံသို့ ပြေး​လာ​ကြ​၏။ 12ပေတရု​သည် ဤ​အခြင်းအရာ​ကို​မြင်​လျှင် “အစ္စရေး​အမျိုးသား​တို့၊ အဘယ်ကြောင့် ဤ​အမှုအရာ​ကို အံ့သြ​ကြ​သနည်း။ ထို့ပြင် ငါ​တို့​သည် မိမိ​တို့​တန်ခိုး၊ မိမိ​တို့​အကျင့်​သီလ​အားဖြင့် ဤ​သူ​လမ်းလျှောက်​နိုင်​ရန် လုပ်​ပေး​ဘိ​သကဲ့သို့ အဘယ်ကြောင့် ငါ​တို့​ကို စေ့စေ့​ကြည့်​နေ​ကြ​သနည်း။ 13အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား၊ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရား​သည် မိမိ​အမှုဆောင်​ယေရှု​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရှင်​ကို ဖမ်းဆီး​အပ်နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံးဖြတ်​ထား​သော​ပိလတ်​မင်း​ရှေ့၌ ငြင်းပယ်​ကြ​၏။ 14သင်​တို့​သည် သန့်ရှင်း​၍​ဖြောင့်မတ်​သော​အရှင်​ကို​ငြင်းပယ်​ပြီး သင်​တို့​အတွက် လူသတ်သမား​ကို​လွှတ်​ပေး​ရန် တောင်းဆို​ကြ​ကာ 15အသက်​ပေးပိုင်​သော​အရှင်​ကို​မူ သင်​တို့​ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​သည် ဤ​အမှုအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ 16ထို​အရှင်​၏​နာမ​တော်​သည် ယခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာမ​တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် သန်စွမ်း​စေ​ပြီး ထို​အရှင်​အားဖြင့် ရရှိ​သော​ယုံကြည်​ခြင်း​သည် သင်​တို့​အားလုံး​ရှေ့၌ သူ့​ကို ပကတိ​စုံလင်​ခြင်း​ပေး​လေ​၏။
17သို့ဖြစ်၍ ညီအစ်ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အကြီးအကဲ​များ​နည်းတူ မသိနားမလည်​သောကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။ 18သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။ 19ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။ 20ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။ 21ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။ 22မောရှေ​က​လည်း ‘သင်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ သင်​တို့​အား ထို​သူ​ပြော​သမျှ​တို့​ကို သင်​တို့​နားထောင်​ကြ​ရ​မည်။ 23ထို​ပရောဖက်​၏​စကား​ကို နား​မ​ထောင်​သော​သူ​ရှိသမျှ​သည် လူမျိုး​တော်​ထဲမှ ဖယ်ရှား​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်’#တရား 18:19။​ဟု ဆို​ထား​၏။
24ရှမွေလ​မှစ၍ သူ့​နောက်မှ အဆက်ဆက်​ပေါ်ထွန်း​သော​ပရောဖက်​ရှိသမျှ​တို့​သည်​လည်း ဤ​နေ့ရက်​ကာလ​အကြောင်း​ကို ဟောပြော​လျက်​ကြေညာ​ကြ​၏။ 25သင်​တို့​သည် ပရောဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာမက ဘုရားသခင်​သည် အာဗြဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူမျိုးစု​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်’#ဂလ 3:8၊ က 12:3၊ 18:18၊ 22:18၊ 26:4။​ဟု မိန့်​တော်မူ​လျက် သင်​တို့​၏​ဘိုးဘေး​များ​နှင့်​ပြု​ခဲ့​သော ပဋိညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။ 26ဘုရားသခင်​သည် သင်​တို့​တစ်ဦးစီ​၏​ဆိုးညစ်​သော​အကျင့်​ကို​ဖယ်ရှား​၍ သင်​တို့​ကို​ကောင်းချီး​ပေး​တော်မူ​ရန် မိမိ​၏​အမှုဆောင်​ကို ပေါ်ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံသို့​ဦးစွာ​စေလွှတ်​တော်မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 3: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။