YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 3:11-26

တမန်တော်ဝတ္ထု 3:11-26 MSBU

ထို​သူ​သည် ပေတရု​နှင့်​ယောဟန်​တို့​ကို ဖက်​ထား​လျက်​နေ​စဉ် လူ​အပေါင်း​တို့​သည် အလွန်​အံ့ဩ​၍ ရှောလမုန်​မုခ်ဆောင်​ဟု​ခေါ်​သည့်​နေရာ​၌​ရှိ​သော သူ​တို့​ထံသို့ ပြေး​လာ​ကြ​၏။ ပေတရု​သည် ဤ​အခြင်းအရာ​ကို​မြင်​လျှင် “အစ္စရေး​အမျိုးသား​တို့၊ အဘယ်ကြောင့် ဤ​အမှုအရာ​ကို အံ့သြ​ကြ​သနည်း။ ထို့ပြင် ငါ​တို့​သည် မိမိ​တို့​တန်ခိုး၊ မိမိ​တို့​အကျင့်​သီလ​အားဖြင့် ဤ​သူ​လမ်းလျှောက်​နိုင်​ရန် လုပ်​ပေး​ဘိ​သကဲ့သို့ အဘယ်ကြောင့် ငါ​တို့​ကို စေ့စေ့​ကြည့်​နေ​ကြ​သနည်း။ အာဗြဟံ​၏​ဘုရား၊ ဣဇက်​၏​ဘုရား၊ ယာကုပ်​၏​ဘုရား၊ ငါ​တို့​ဘိုးဘေး​များ​၏​ဘုရား​သည် မိမိ​အမှုဆောင်​ယေရှု​၏​ဘုန်း​တော်​ကို ထင်ရှား​စေ​တော်မူ​ပြီ။ သင်​တို့​သည် ထို​အရှင်​ကို ဖမ်းဆီး​အပ်နှံ​၍ သူ့​ကို​လွှတ်​ပေး​မည်​ဟု​ဆုံးဖြတ်​ထား​သော​ပိလတ်​မင်း​ရှေ့၌ ငြင်းပယ်​ကြ​၏။ သင်​တို့​သည် သန့်ရှင်း​၍​ဖြောင့်မတ်​သော​အရှင်​ကို​ငြင်းပယ်​ပြီး သင်​တို့​အတွက် လူသတ်သမား​ကို​လွှတ်​ပေး​ရန် တောင်းဆို​ကြ​ကာ အသက်​ပေးပိုင်​သော​အရှင်​ကို​မူ သင်​တို့​ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​သည် ဤ​အမှုအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ထို​အရှင်​၏​နာမ​တော်​သည် ယခု​သင်​တို့​မြင်​၍ သင်​တို့​သိ​သော​ဤ​သူ​အား ထို​နာမ​တော်​ကို​ယုံကြည်​ခြင်း​အားဖြင့် သန်စွမ်း​စေ​ပြီး ထို​အရှင်​အားဖြင့် ရရှိ​သော​ယုံကြည်​ခြင်း​သည် သင်​တို့​အားလုံး​ရှေ့၌ သူ့​ကို ပကတိ​စုံလင်​ခြင်း​ပေး​လေ​၏။ သို့ဖြစ်၍ ညီအစ်ကို​တို့၊ သင်​တို့​သည် သင်​တို့​၏​အကြီးအကဲ​များ​နည်းတူ မသိနားမလည်​သောကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သည်​ကို ငါ​သိ​၏။ သို့သော် ဘုရားသခင်​သည် မိမိ​၏​ခရစ်တော်​ဒုက္ခ​ဝေဒနာ​ခံစား​ရ​မည်​ဟု ပရောဖက်​အပေါင်း​တို့​၏​နှုတ်​အားဖြင့် ကြိုတင်​ဖော်ပြ​ထား​သော​အရာ​တို့​ကို ထိုသို့​ပြည့်စုံ​စေ​တော်မူ​၏။ ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။ ဤသည်ကား ထာဝရ​ဘုရား​ထံ​တော်​မှ နှစ်သိမ့်​လန်းဆန်း​ရာ​အချိန်အခါ​များ​ကျရောက်​လာ​၍ သင်​တို့​အတွက် ကြိုတင်​ခန့်ထား​တော်မူ​သည့် ခရစ်တော်​တည်းဟူသော​ယေရှု​ကို စေလွှတ်​တော်မူ​ရန်​ဖြစ်​၏။ ရှေး​ကာလ​မှစ၍ မိမိ​၏​သန့်ရှင်း​သော​ပရောဖက်​တို့​၏​နှုတ်​အားဖြင့် ဘုရားသခင်​မိန့်​တော်မူ​ခဲ့​သည့်​အရာ​တည်းဟူသော အလုံးစုံ​တို့​ကို မူလ​အတိုင်း​ပြန်​ဖြစ်​စေ​မည့်​ကာလ​များ​တိုင်အောင် ကောင်းကင်​သည် ထို​အရှင်​ကို​လက်ခံ​ထား​ရ​မည်။ မောရှေ​က​လည်း ‘သင်​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်​တို့​၏​ညီအစ်ကို​များ​ထဲမှ ငါ​နှင့်​တူ​သော​ပရောဖက်​တစ်​ပါး​ကို သင်​တို့​အတွက်​ပေါ်ထွန်း​စေ​တော်မူ​လိမ့်မည်။ သင်​တို့​အား ထို​သူ​ပြော​သမျှ​တို့​ကို သင်​တို့​နားထောင်​ကြ​ရ​မည်။ ထို​ပရောဖက်​၏​စကား​ကို နား​မ​ထောင်​သော​သူ​ရှိသမျှ​သည် လူမျိုး​တော်​ထဲမှ ဖယ်ရှား​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်’​ဟု ဆို​ထား​၏။ ရှမွေလ​မှစ၍ သူ့​နောက်မှ အဆက်ဆက်​ပေါ်ထွန်း​သော​ပရောဖက်​ရှိသမျှ​တို့​သည်​လည်း ဤ​နေ့ရက်​ကာလ​အကြောင်း​ကို ဟောပြော​လျက်​ကြေညာ​ကြ​၏။ သင်​တို့​သည် ပရောဖက်​တို့​၏​သား​မြေး​များ​ဖြစ်​ကြ​သည်​သာမက ဘုရားသခင်​သည် အာဗြဟံ​အား ‘ကမ္ဘာ​ပေါ်​ရှိ​လူမျိုးစု​အပေါင်း​တို့​သည် သင်​၏​အမျိုးအနွယ်​အားဖြင့် ကောင်းချီး​မင်္ဂလာ​ခံစား​ရ​လိမ့်မည်’​ဟု မိန့်​တော်မူ​လျက် သင်​တို့​၏​ဘိုးဘေး​များ​နှင့်​ပြု​ခဲ့​သော ပဋိညာဉ်​၏​သား​မြေး​များ​လည်း​ဖြစ်​ကြ​၏။ ဘုရားသခင်​သည် သင်​တို့​တစ်ဦးစီ​၏​ဆိုးညစ်​သော​အကျင့်​ကို​ဖယ်ရှား​၍ သင်​တို့​ကို​ကောင်းချီး​ပေး​တော်မူ​ရန် မိမိ​၏​အမှုဆောင်​ကို ပေါ်ထွန်း​စေ​လျက် သူ့​ကို သင်​တို့​ထံသို့​ဦးစွာ​စေလွှတ်​တော်မူ​၏”​ဟု လူ​တို့​အား​ဆို​လေ​၏။