YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 25:13-27

တမန်တော်ဝတ္ထု 25:13-27 MSBU

ထိုမှ ရက်​အနည်းငယ်​ကြာ​ပြီးနောက် အဂြိပ္ပ​မင်းကြီး​နှင့်​မိဖုရား​ဗေရနိတ်​တို့​သည် ဖေတ္တု​မင်း​ကို​နှုတ်ဆက်​ရန် ဆီဇာရီးယား​မြို့​သို့​ရောက်​လာ​ကြ​၏။ သူ​တို့​သည် ထို​မြို့​၌ ရက်​အတန်ကြာ​နေ​ကြ​သဖြင့် ဖေတ္တု​မင်း​သည် ပေါလု​နှင့်​ပတ်သက်​သော​အမှု​များ​ကို မင်းကြီး​အား​တင်ပြ​လျက် “ဖေလဇ်​မင်း​ထားရစ်​ခဲ့​သော အကျဉ်းသား​တစ်​ဦး​ရှိ​ပါ​သည်။ ဂျေရုဆလင်​မြို့​သို့ အကျွန်ုပ်​ရောက်​စဉ် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ဂျူး​လူမျိုး​တို့​၏​သက်ကြီးဝါကြီး​များ​သည် သူ့​ကို တရား​စွဲဆို​လျက် သူ့​အပေါ်​အပြစ်ဒဏ်​ပေး​ရန် တောင်းဆို​ကြ​ပါ​သည်။ သို့သော် စွပ်စွဲ​ခံရ​သူ​တစ်စုံတစ်ဦး​သည် စွပ်စွဲ​သော​သူ​နှင့်​မျက်နှာချင်းဆိုင်​၍ စွပ်စွဲ​ချက်​နှင့်​ပတ်သက်​ပြီး ချေပ​ပြောဆို​ခွင့်​မ​ရ​မီ သူ့​ကို​လွှဲအပ်​ပေး​ခြင်း​သည် ရောမ​တို့​၏​ဓလေ့​ထုံးစံ​မ​ဟုတ်​ကြောင်း သူ​တို့​အား အကျွန်ုပ်​ဖြေကြား​ခဲ့​ပါ​သည်။ ထို့ကြောင့် ဤ​မြို့​သို့ သူ​တို့​စုဝေး​ရောက်ရှိ​လာ​ကြ​သောအခါ အကျွန်ုပ်​သည် မ​ဆိုင်း​မ​ငံ့​ဘဲ နောက်တစ်နေ့​တွင် တရားခွင်​၌​ထိုင်​လျက် ထို​သူ​ကို​ခေါ်ဆောင်​လာ​ရန် အမိန့်​ပေး​ခဲ့​ပါ​သည်။ သူ့​ကို​စွပ်စွဲ​သော​သူ​များ​ထ​ကြ​သောအခါ အကျွန်ုပ်​ထင်မှတ်​သလောက် ဆိုး​သော​ပြစ်မှု​မျိုး​ကို မ​တင်ပြ​ခဲ့​ကြ​ပါ။ သူ​တို့​၏​ပြဿနာ​မှာ သူ​တို့​၏​ဘာသာ​တရား​နှင့်​ပတ်သက်​သော​အရာ​အချို့​နှင့် အသက်ရှင်​လျက်​ရှိ​သည်​ဟု ပေါလု​ပြောဆို​သည့် သေလွန်​ပြီး​သော ယေရှု​ဆို​သူ​တစ်​ဦး​နှင့်​ပတ်သက်​သည့် အရာ​များ​သာ ဖြစ်​ပါ​သည်။ အကျွန်ုပ်​သည် ဤ​အရာ​များ​နှင့်ဆိုင်သည့် အငြင်းပွား​မှု​အတွက် တွေးမရ​ဖြစ်​နေ​သဖြင့် ပေါလု​အား ‘ဂျေရုဆလင်​မြို့​သို့​သွား​၍ ထို​မြို့​တွင် ဤ​စွပ်စွဲ​ချက်​များ​အတွက် စစ်ဆေး​စီရင်​ခံ​လို​သလော’​ဟု မေး​ပါ​သည်။ သို့သော် ပေါလု​က ဧကရာဇ်​မင်း​၏​စီရင်​ဆုံးဖြတ်​ခြင်း​ကို​ခံယူ​သည်​အထိ သူ့​အား​ထိန်းသိမ်း​ထား​ပါ​ရန် တောင်းဆို​သဖြင့် သူ့​ကို ဆီဇာ​ဧကရာဇ်​ထံ​ပို့​သည်​အထိ ထိန်းသိမ်း​ထား​ရန် အမိန့်​ပေး​ထား​ပါ​သည်”​ဟု ဆို​လေ​၏။ ထိုအခါ အဂြိပ္ပ​မင်းကြီး​သည် ဖေတ္တု​မင်း​အား “အကျွန်ုပ်​ကိုယ်တိုင်​လည်း ထို​သူ​၏​စကား​ကို နားထောင်​လို​ပါ​သည်”​ဟု ဆို​သဖြင့် ဖေတ္တု​မင်း​က “မနက်ဖြန် သူ​၏​စကား​ကို အရှင်​နားထောင်​ရ​ပါ​မည်”​ဟု ဆို​၏။ နောက်တစ်နေ့​တွင် အဂြိပ္ပ​မင်းကြီး​နှင့်​မိဖုရား​ဗေရနိတ်​တို့​သည် ခမ်းနား​ကြီးကျယ်​သော​အဆောင်အယောင်​ဖြင့် တပ်မှူးကြီး​များ၊ ထို​မြို့​၏​အရေးပါ​ပုဂ္ဂိုလ်​များ​နှင့်အတူ​ကြွလာ​၍ ညီလာခံ​ခန်းမ​ထဲသို့​ဝင်​ကြ​၏။ ထိုအခါ ဖေတ္တု​မင်း​သည် အမိန့်​ပေး​သဖြင့် ပေါလု​ကို​ခေါ်ထုတ်​လာ​ကြ​၏။ ဖေတ္တု​မင်း​က​လည်း “အဂြိပ္ပ​မင်းကြီး​နှင့်တကွ အကျွန်ုပ်​တို့​နှင့်အတူ​ရှိ​ကြ​သော လူကြီးမင်း​အပေါင်း​တို့၊ အရှင်​တို့​မြင်​သော ဤ​သူ​နှင့်​ပတ်သက်၍ ဂျူး​အမျိုးသား​ထု​အပေါင်း​တို့​သည် ‘သူ့​ကို ဆက်၍​အသက်​မ​ရှင်​စေ​သင့်​ပါ’​ဟု အော်ဟစ်​လျက် ဂျေရုဆလင်​မြို့​၌​ဖြစ်စေ၊ ဤ​မြို့​၌​ဖြစ်စေ အကျွန်ုပ်​အား တောင်းဆို​ခဲ့​ကြ​ပါ​သည်။ သို့ရာတွင် သူ​သည် သေဒဏ်​ခံထိုက်​သော​အရာ တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​ကြောင်း အကျွန်ုပ်​သတိထား​မိ​ပါ​သည်။ သို့သော် သူ​ကိုယ်တိုင် ဧကရာဇ်​မင်း​ထံ အယူခံဝင်​မည်​ဟု​ဆို​သဖြင့် သူ့​ကို​ပို့ပေး​ရန် အကျွန်ုပ်​ဆုံးဖြတ်​ထား​ပါ​သည်။ သို့ရာတွင် အရှင်​ဧကရာဇ်​မင်း​ထံ သူ့​အကြောင်း​ရေးသား​ရန် တိကျ​သော​အကြောင်း​အချက် တစ်စုံတစ်ခု​မျှ အကျွန်ုပ်​၌​မ​ရှိ​ပါ။ ထို့ကြောင့် ဤ​စစ်ဆေး​မှု​ပြီးဆုံး​သောအခါ အကျွန်ုပ်​ရေးသား​ရန် အကြောင်း​အချက်​တစ်စုံတစ်ခု​ရရှိ​နိုင်​မည့်​အကြောင်း သူ့​ကို အရှင်​တို့​ရှေ့၌၊ အထူးသဖြင့် အဂြိပ္ပ​မင်းကြီး၊ အရှင့်​ရှေ့၌​အကျွန်ုပ်​ထုတ်ဆောင်​ခဲ့​ပါ​သည်။ အကြောင်းမူကား အကျဉ်းသား​တစ်​ဦး​ကို သူ့​အပေါ်​တင်​ထား​သည့်​စွဲချက်​များ​မ​ပါ​ဘဲ စေလွှတ်​ခြင်း​မှာ မ​သင့်လျော်​ဟု အကျွန်ုပ်​ထင်​ပါ​သည်”​ဟု ဆို​လေ​၏။