YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 19:23-41

တမန်တော်ဝတ္ထု 19:23-41 MSBU

ထို​အချိန်​အတွင်း တရား​လမ်း​နှင့်​ပတ်သက်၍ အကြီးအကျယ်​ရုတ်ရုတ်သဲသဲ​ဖြစ်​လေ​၏။ ဖြစ်​ရ​သည့်​အကြောင်း​ကား ဒေမေတရိ​အမည်​ရှိ​သော ငွေ​ပန်းထိမ်​ဆရာ​တစ်​ဦး​သည် အာတေမိ​နတ်ဘုရားမ​၏​ငွေ​ဗိမာန်​ငယ်​ကို ပြုလုပ်​ခြင်း​အားဖြင့် ပန်းထိမ်သမား​တို့​အား အကျိုးစီးပွား​များစွာ ဖြစ်ထွန်း​စေ​၏။ သူ​သည် ထို​သူ​တို့​အပါအဝင် အလားတူ​လုပ်ငန်း​မျိုး​လုပ်ကိုင်​နေ​သော​သူ​များ​ကို စုဝေး​စေ​လျက် “မိတ်ဆွေ​တို့၊ ဤ​လုပ်ငန်း​အားဖြင့် ငါ​တို့​အကျိုးစီးပွား​ဖြစ်ထွန်း​သည်​ကို သင်​တို့​သိ​ကြ​၏။ သို့သော် သင်​တို့​မြင်​ရ၊ ကြား​ရ​သည့်​အတိုင်း ဤ​ပေါလု​ဆို​သူ​က လူ့​လက်​ဖြင့်​လုပ်​သော​အရာ​များ​သည် ဘုရား​မ​ဟုတ်​ဟု​ဆို​လျက် ဧဖက်​မြို့​သာမက​အာရှ​ပြည်​တစ်ပြည်လုံး​နီးပါး​၌ များစွာ​သော​လူ​တို့​ကို စည်းရုံး​ပြီး လမ်းလွဲ​စေ​ခဲ့​၏။ ဤ​အမှုအရာ​သည် ငါ​တို့​၏​လုပ်ငန်း​ကို နာမည်​ပျက်​စေ​မည်​ဟု စိုးရိမ်​ရ​သည်​သာမက ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​သည် ပမာဏပြု​စရာ​မ​ရှိ​တော့​ဘဲ အာရှ​ပြည်​နှင့် ကမ္ဘာ​တစ်ဝန်းလုံး​ကိုးကွယ်​သည့် နတ်ဘုရားမ​၏​ခန့်ညား​ထည်ဝါ​မှု​သည်​လည်း ကွယ်ပျောက်​သွား​တော့မည်​ဟု စိုးရိမ်​ရ​၏”​ဟု ပြောဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် ပြင်းစွာ​ဒေါသ​ထွက်​၍ “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု အော်ဟစ်​ကြ​၏။ ထိုအခါ တစ်​မြို့​လုံး ရုန်းရင်းဆန်ခတ်​ဖြစ်​လေ​၏။ လူ​တို့​သည် ပေါလု​နှင့်အတူ​လိုက်ပါ​သည့် မာကေဒေါနိ​ပြည်သား ဂါယု​နှင့်​အာရိတ္တာခု​တို့​ကို ဖမ်းဆီး​ပြီး ဇာတ်ရုံ​ထဲသို့ တစ်ဟုန်ထိုး​ပြေး​ဝင်​သွား​ကြ​၏။ ပေါလု​သည် လူစုလူဝေး​ထဲသို့​ဝင်​လို​သော်လည်း တပည့်​တော်​တို့​သည် သူ့​ကို​တားမြစ်​ကြ​၏။ ပေါလု​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​သော အာရှ​ပြည်​အကြီးအကဲ​အချို့​တို့​က​လည်း သူ့​ထံ​လူ​လွှတ်​၍ ဇာတ်ရုံ​ထဲသို့ အရဲစွန့်​လျက်​မ​ဝင်​သွား​ရန် တောင်းပန်​ကြ​၏။ လူ​အစုအဝေး​သည် ရုန်းရင်းဆန်ခတ်​ဖြစ်​၍ တစ်ယောက်တစ်မျိုးစီ​အော်ဟစ်​နေ​ကြ​၏။ လူ​အများစု​သည် မိမိ​တို့​အဘယ်ကြောင့်​စုဝေး​လာ​ကြ​သည်​ကို​ပင် မ​သိ​ကြ​ချေ ။ ဂျူး​လူမျိုး​တို့​သည် အလက်ဇန္ဒြား​ဆို​သူ​တစ်​ဦး​ကို ရှေ့သို့​ထွက်​စေ​၍ လူ​အစုအဝေး​ထဲမှ​အချို့​တို့​က​လည်း သူ့​ကို​ထောက်ခံ​သဖြင့် အလက်ဇန္ဒြား​သည် လက်ရိပ်​ပြ​ကာ လူစုလူဝေး​အား ချေပ​ပြောဆို​ရန် ကြိုးစား​လေ​၏။ သို့သော် သူ​သည် ဂျူး​လူမျိုး​ဖြစ်​ကြောင်း လူ​တို့​သိ​ကြ​သောအခါ အားလုံး​သည် တစ်သံတည်း​ဖြင့် “ဧဖက်​မြို့သား​တို့​၏​အာတေမိ​သည် ကြီးမြတ်​ပေ​၏”​ဟု နှစ်​နာရီ​ခန့်မျှ ကြွေးကြော်​ကြ​၏။ ထို့နောက် မြို့​စာရေး​သည် လူ​အစုအဝေး​ကို တိတ်ဆိတ်​စေ​ပြီးလျှင် “ဧဖက်​မြို့သား​တို့၊ ဧဖက်​မြို့​သည် ကြီးမြတ်​သော​အာတေမိ​နတ်ဘုရားမ​၏​ဗိမာန်​နှင့် ကောင်းကင်​မှ​ကျ​လာ​သော​ရုပ်ပွား​တော်​တို့​ကို ထိန်းသိမ်း​စောင့်ရှောက်​သော​မြို့​ဖြစ်​ကြောင်း မ​သိ​သော​သူ​တစ်စုံတစ်ဦး​ရှိ​သလော။ ဤ​အချက်​သည် ငြင်းဆို​၍​မ​ရ​နိုင်​သည့်​အချက်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သည့်​အမှု​ကို​မျှ မဆင်မခြင်​မ​ပြု​ဘဲ တိတ်ဆိတ်​စွာ​နေ​သင့်​၏။ အကြောင်းမူကား သင်​တို့​ခေါ်ဆောင်​ခဲ့​သော ဤ​သူ​တို့​သည် ဗိမာန်​တော်​ကို လုယက်​သော​သူ​လည်း​မ​ဟုတ်။ ငါ​တို့​၏​နတ်​ဘုရား​မ​ကို စော်ကား​ပြောဆို​သော​သူ​လည်း​မ​ဟုတ်။ ထို့ကြောင့် ဒေမေတရိ​မှစ၍ သူ​နှင့်အတူ​ရှိ​သော​ပန်းထိမ်သမား​တို့​သည် တစ်စုံတစ်ဦး​ကို တရားစွဲ​ဆို​ရန်​ရှိ​လျှင် တရားရုံး​များ​ဖွင့်​ထား​ပြီး အုပ်ချုပ်ရေးမှူး​များ​လည်း ရှိ​ကြ​သည်​ဖြစ်၍ အမှုသည်​ချင်း တရားတွေ့​ကြ​ပါစေ။ သို့သော် သင်​တို့​သည် အခြား​ကိစ္စ​တစ်စုံတစ်ခု​အလိုရှိ​လျှင် တရားဝင်​အစည်းအဝေး​၌ ဆုံးဖြတ်​ရ​မည်။ ယနေ့​ဖြစ်​ခဲ့​သော​အမှု​နှင့်​ပတ်သက်၍ ခိုင်လုံ​သော​အကြောင်းပြ​ချက် တစ်စုံတစ်ခု​မျှ​မ​ရှိ​သောကြောင့် ငါ​တို့​သည် ဆူပူ​အုံကြွ​မှု​အတွက် စွဲဆို​ခံရ​မည်​ဟု​စိုးရိမ်​ရ​၏။ ငါ​တို့​သည် ဤ​ပူးပေါင်း​ကြံစည်​မှု​အတွက် ဖြေရှင်း​ချက်​ပေး​နိုင်​မည်​မ​ဟုတ်”​ဟု ဆို​လျက် လူ​အစုအဝေး​ကို ပြန်လွှတ်​လိုက်​လေ​၏။