YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 18:18-28

တမန်တော်ဝတ္ထု 18:18-28 MSBU

ထို့နောက် ပေါလု​သည် ရက်​ပေါင်း​များစွာ​ဆက်​၍​နေ​ပြီးမှ ညီအစ်ကို​များ​ကို​နှုတ်ဆက်​ကာ ဆီးရီးယား​ပြည်​သို့ ရွက်လွှင့်​သွား​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည်​လည်း သူ​နှင့်အတူ​လိုက်​ပါ​ကြ​၏။ ပေါလု​သည် အဓိဋ္ဌာန်​ပြု​ထား​သည်​ဖြစ်၍ ရွက်​မ​လွှင့်​မီ ကင်ခြေ​မြို့​တွင် မိမိ​ဦးခေါင်း​ကို​ရိတ်​လေ​၏။ သူ​တို့​သည် ဧဖက်​မြို့​သို့​ရောက်​ကြ​သောအခါ ပေါလု​သည် အခြား​သော​သူ​တို့​ကို ထို​နေရာ​၌​ထား​ခဲ့​ပြီး ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လေ​၏။ လူ​တို့​သည် သူ့​အား​ပို၍​ကြာမြင့်​စွာ​နေထိုင်​ရန် တောင်းပန်​ကြ​သော်လည်း သူ​သည် မ​လိုက်လျော​ဘဲ “ဘုရားသခင်​အလို​တော်​ရှိ​လျှင် သင်​တို့​ထံသို့ နောက်တစ်ဖန် ငါ​ပြန်​လာ​ဦး​မည်”​ဟု ဆို​လျက် သူ​တို့​အား နှုတ်ဆက်​ပြီးလျှင် ဧဖက်​မြို့​မှ ရွက်လွှင့်​သွား​လေ​၏။ ဆီဇာရီးယား​မြို့​သို့​ရောက်​လျှင် ဂျေရုဆလင်​မြို့​သို့ တက်​သွား​၍ အသင်းတော်​ကို​နှုတ်ဆက်​ပြီးမှ အန္တိအုတ်​မြို့​သို့ ဆင်း​သွား​လေ​၏။ သူ​သည် ထို​နေရာ​၌ အချိန်​အတန်ကြာ​နေ​ပြီးနောက် ပြန်လည်​ထွက်ခွာ​၍ ဂလာတိ​ပြည်​နှင့်​ဖြူဂိ​ပြည်​တို့​ကို အစဉ်လိုက်​လှည့်လည်​ကာ တပည့်​တော်​အားလုံး​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။ ထိုစဉ် အာပေါလု​အမည်​ရှိ​သော အလက်ဇန္ဒြိယ​မြို့သား ဂျူး​လူမျိုး​တစ်​ဦး​သည် ဧဖက်​မြို့​သို့​ရောက်​လာ​၏။ သူ​သည် နှုတ်ရေး​ကောင်း​၍ ကျမ်းစာ​ကို​လည်း တတ်ကျွမ်း​သူ​ဖြစ်​၏။ သူ​သည် သခင်​ဘုရား​၏​တရား​လမ်း​ကို သင်ယူ​ထား​ပြီး ဝိညာဉ်ရေး​၌​ထက်သန်​လျက် ယေရှု​အကြောင်း​ကို တိကျ​သေချာ​စွာ​ဟောပြော​သွန်သင်​လေ​၏။ သို့သော် ယောဟန်​၏​ဗတ္တိဇံ​ကို​သာ သိ​၏။ သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ ပြစ်ကိလ​နှင့်​အာကုလ​တို့​သည် သူ​ဟောပြော​သည်​ကို​ကြား​ကြ​သောအခါ သူ့​ကို​ဖိတ်ခေါ်​၍ ဘုရားသခင်​၏​တရား​လမ်း​ကို ပို၍​သေချာ​စွာ​ရှင်းပြ​ကြ​၏။ အာပေါလု​သည် အခါယ​ပြည်​သို့​သွား​လို​သောအခါ ညီအစ်ကို​များ​သည် သူ့​ကို​အားပေး​၍ ထို​ပြည်​ရှိ​တပည့်​တော်​များ​အား သူ့​ကို ကြိုဆို​လက်ခံ​ရန် စာ​ရေး​ပေး​ကြ​၏။ သူ​သည် ရောက်​သောအခါ ကျေးဇူး​တော်​အားဖြင့်​ယုံကြည်​လာ​သူ​များ​ကို များစွာ​ကူညီ​လေ​၏။ အကြောင်းမူကား သူ​သည် ကျမ်းစာ​အားဖြင့် ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း ထောက်ပြ​လျက် လူ​အများ​ရှေ့တွင် ဂျူး​လူမျိုး​တို့​ကို ပိုင်နိုင်​စွာ​ချေပ​လေ​၏။