YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:16-25

တမန်တော်ဝတ္ထု 17:16-25 MSBU

ပေါလု​သည် အေသင်​မြို့​၌ သူ​တို့​ကို​စောင့်​နေ​စဉ် ထို​မြို့​သည် ရုပ်တု​များ​နှင့်​ပြည့်​နေ​သည်​ကို​မြင်​၍ မိမိ​စိတ်​တွင် မခံမရပ်နိုင်​ဖြစ်​ရ​လေ​၏။ ထို့ကြောင့် သူ​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​တွင် ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက် ဈေး​အရပ်​တွင်​လည်း ထို​အရပ်​၌​ရှိ​သော​သူ​တို့​နှင့် နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​၏။ ဧပိကုရု​၏​တပည့်​များ​နှင့် သတောအိပ်​အတွေးအခေါ်​ပညာရှင်​အချို့​တို့​သည်​လည်း ပေါလု​နှင့်​ဆွေးနွေး​ကြ​၏။ အချို့​က “ဤ​စကားအိုး​သည် မည်သည့်​အရာ​ကို ပြောဆို​လို​သနည်း”​ဟု ဆို​ကြ​၏။ အချို့​တို့​က​မူ “သူ​သည် တစ်ပြည်တစ်ရပ်ခြား​၏​နတ်​ဘုရား​များ​အကြောင်း​ကို ဟောပြော​နေ​ဟန်​ရှိ​သည်”​ဟု ဆို​ကြ​၏။ ဤသို့ဆိုခြင်းမှာ ပေါလု​သည် ယေရှု​နှင့် ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​တို့​ကို ဟောပြော​နေ​သောကြောင့်​ဖြစ်​၏။ ထိုအခါ သူ​တို့​သည် ပေါလု​ကို အာရေပါဂု​ရုံး​တော်​သို့ ခေါ်သွား​ပြီးလျှင် “သင်​ဟောပြော​နေ​သော ဤ​အယူဝါဒ​အသစ်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​ပါရစေ။ အကြောင်းမူကား သင်​သည် ငါ​တို့​အတွက်​အသစ်အဆန်း​ဖြစ်​သော​အရာ​အချို့​တို့​ကို ယူဆောင်​လာ​သည်​ဖြစ်၍ ၎င်း​တို့​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို ငါ​တို့​သိ​လို​ပါ​သည်”​ဟု ဆို​ကြ​၏။ အေသင်​မြို့သား​များ​မှစ၍ အလည်အပတ်​ရောက်ရှိ​လာ​သော သူစိမ်း​ဧည့်သည်​အပေါင်း​တို့​သည် အသစ်အဆန်း​ဖြစ်​သော​အရာ​တစ်စုံတစ်ခု​ကို ပြောဆို​ရန်၊ သို့မဟုတ် ကြားနာ​ရန်​အတွက်​သာ အချိန်​ကို​အသုံးချ​တတ်​ကြ​၏။ ထို့ကြောင့် ပေါလု​သည် အာရေပါဂု​ရုံး​တော်​အလယ်​၌​ရပ်​လျက် “အေသင်​မြို့သား​တို့၊ သင်​တို့​သည် အရာရာ​၌ ဘာသာ​တရား​အလွန်​ကိုင်းရှိုင်း​သူ​များ​ဖြစ်​ကြ​သည်​ကို ငါ​မြင်​ရ​၏။ သင်​တို့​ကိုးကွယ်​သော​အရာ​များ​ကို လှည့်လည်​၍​ကြည့်ရှု​စဉ် ‘မ​သိ​သော​ဘုရား​အတွက်’​ဟု ကမ္ပည်းထိုး​ထား​သည့် ယဇ်ပလ္လင်​တစ်​ခု​ကို ငါ​တွေ့​ရ​၏။ ထို့ကြောင့် သင်​တို့​မ​သိ​ဘဲ ဝတ်ပြု​ကိုးကွယ်​နေ​သော ထို​ဘုရား​အကြောင်း​ကို သင်​တို့​အား ငါ​ဟောပြော​ပါ​မည်။ ကမ္ဘာလောက​နှင့် ၎င်း​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော ဘုရားသခင်​သည် ကောင်းကင်​နှင့်​မြေကြီး​၏​အရှင်​သခင်​ဖြစ်​၍ လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် အသက်​နှင့်တကွ ထွက်သက်ဝင်သက်​နှင့် အရာ​ခပ်သိမ်း​တို့​ကို လူ​အပေါင်း​တို့​အား ပေး​တော်မူ​သည်​ဖြစ်၍ တစ်စုံတစ်ခု​ကို​လိုအပ်​သည့်​အလား လူ့​လက်​ဖြင့်​ပြုစု​ခြင်း​ကို ခံ​တော်မူ​သည်​မ​ဟုတ်။