YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 17:1-10

တမန်တော်ဝတ္ထု 17:1-10 MSBU

ထို့နောက် ပေါလု​နှင့်​သိလ​တို့​သည် အံဖိပေါလိ​မြို့​နှင့်​အာပေါလောနိ​မြို့​တို့​ကို ဖြတ်​၍ သက်သာလောနိတ်​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ဂျူး​လူမျိုး​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​ရှိ​၏။ ပေါလု​သည် မိမိ​ပြုလေ့​ရှိ​သည့်​အတိုင်း သူ​တို့​ထံသို့​ဝင်​၍ ဥပုသ်နေ့​သုံး​ကြိမ်​တိုင်တိုင် ကျမ်းစာ​ကို​အမှီပြု​လျက် သူ​တို့​နှင့်​ဆွေးနွေး​ပြောဆို​ကာ ခရစ်တော်​သည် ဒုက္ခ​ဝေဒနာ​ခံစား​ရ​၍ သေ​သော​သူ​တို့​ထဲမှ ထမြောက်​ရ​မည်​ဖြစ်​ကြောင်း ရှင်းလင်း​ဖော်ပြ​ပြီး သင်​တို့​အား ငါ​ဟောပြော​သော​ဤ​ယေရှု​ပင် ခရစ်တော်​ဖြစ်​သည်​ဟု​ဆို​လေ​၏။ သူ​တို့​ထဲမှ အချို့​တို့​သည် ယုံကြည်​၍ ပေါလု​နှင့်​သိလ​တို့​နောက်သို့ လိုက်​ကြ​၏။ ထို​သူ​တို့​တွင် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂရိ​အမျိုးသား​အမြောက်အမြား​ပါ​၍ ထင်ပေါ်​ကျော်ကြား​သော အမျိုးသမီး​တို့​သည်​လည်း​မနည်း​လှ​ပေ။ သို့ရာတွင် ဂျူး​လူမျိုး​တို့​သည် မနာလို​ကြ​သောကြောင့် လူ​ဆိုး​အချို့​ကို ဈေး​အရပ်​မှ ခေါ်ယူ​စုဝေး​စေ​ပြီးလျှင် မြို့​ကို​ရုတ်ရုတ်သဲသဲ​ဖြစ်​စေ​ကာ ယာသုန်​၏​အိမ်​ကို​ဝိုင်း​၍ ပေါလု​နှင့်​သိလ​တို့​ကို လူစုလူဝေး​ရှေ့သို့ ထုတ်ဆောင်​ရန် ရှာဖွေ​ကြ​၏။ သို့သော် သူ​တို့​ကို​မ​တွေ့​ကြ​သဖြင့် ယာသုန်​နှင့် ညီအစ်ကို​အချို့​တို့​ကို အာဏာပိုင်​များ​ထံသို့ ဆွဲခေါ်​သွား​ကာ “ကမ္ဘာ​လောက​ကို​မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် ဤ​အရပ်​သို့​လည်း ရောက်လာ​ကြ​၍ ယာသုန်​သည် သူ​တို့​ကို လက်ခံ​ထား​ပါ​သည်။ သူ​တို့​အားလုံး​သည် ယေရှု​ဟူသော​အခြား​ဘုရင်​တစ်​ပါး​ရှိ​သည်​ဟု​ဆို​လျက် ဆီဇာ​ဧကရာဇ်​၏​အမိန့်​ကို ဆန့်ကျင်ဘက်​ပြု​ကြ​ပါ​သည်”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။ ထို​အရာ​များ​ကို​ကြား​ရ​သော လူထု​ပရိသတ်​နှင့်​အာဏာပိုင်​တို့​သည် စိတ်​ပူပန်​လျက် ယာသုန်​နှင့် အခြား​ညီအစ်ကို​တို့​ထံမှ အာမခံ​ငွေ​ကို​ယူ​ပြီးလျှင် သူ​တို့​ကို ပြန်လွှတ်​ကြ​၏။ ညီအစ်ကို​တို့​သည် ပေါလု​နှင့်​သိလ​တို့​ကို ည​တွင်း​ချင်း​ပင် ဗေရိ​မြို့​သို့ စေလွှတ်​လိုက်​ကြ​၏။ သူ​တို့​သည် ထို​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​သို့ သွား​ကြ​၏။