YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 16:31-40

တမန်တော်ဝတ္ထု 16:31-40 MSBU

သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။ ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။ သူ​သည် ပေါလု​နှင့်​သိလ​တို့​ကို အိမ်​သို့​ခေါ်ဖိတ်​၍ စားဖွယ်​ရာ​များ​တည်ခင်း​ကျွေးမွေး​ကာ အိမ်သူအိမ်သား​အားလုံး​နှင့်အတူ ဘုရားသခင်​ကို​ယုံကြည်​ရ​သောကြောင့် အလွန်​ဝမ်းမြောက်​လေ​၏။ မိုးလင်း​သောအခါ အုပ်ချုပ်ရေး​အရာရှိ​များ​သည် နယ်ထိန်း​တို့​ကို​စေလွှတ်​၍ “ထို​သူ​တို့​ကို​လွှတ်​ပေး​လိုက်​ပါ”​ဟု ဆို​ကြ​၏။ ထိုအခါ ထောင်မှူး​သည် ထို​သတင်း​ကို ပေါလု​အား ပြောကြား​လျက် “အုပ်ချုပ်ရေး​အရာရှိ​များ​က လူ​လွှတ်​၍ သင်​တို့​ကို​လွှတ်​ပေး​ရန် မှာ​လိုက်​ပါ​သည်။ ထို့ကြောင့် ယခု​ထွက်​လာ​၍ ငြိမ်းချမ်း​စွာ​သွား​ကြ​ပါ”​ဟု ဆို​၏။ သို့သော် ပေါလု​သည် ထို​နယ်ထိန်း​တို့​အား “သူ​တို့​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြ​သော​ငါ​တို့​ကို မ​စစ်ဆေး​ဘဲ လူ​အများ​ရှေ့၌ ရိုက်နှက်​လျက် ထောင်​ထဲ၌​ထည့်​ထား​ကြ​ပြီးမှ ယခု ငါ​တို့​ကို တိတ်တဆိတ်​ပြန်လွှတ်​ကြ​မည်လော။ ထိုသို့​မ​ပြု​သင့်။ သူ​တို့​ကိုယ်တိုင်​လာ​၍ ငါ​တို့​ကို ခေါ်ထုတ်​ကြ​ပါစေ”​ဟု ဆို​လေ​၏။ ထိုအခါ နယ်ထိန်း​တို့​သည် ထို​စကား​တို့​ကို အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ပြောကြား​ကြ​၏။ သူ​တို့​နှစ်​ဦး​သည် ရောမ​နိုင်ငံသား​ဖြစ်​ကြောင်း အုပ်ချုပ်ရေး​အရာရှိ​များ ကြားသိ​သောအခါ ကြောက်ရွံ့​ကြ​၍ ကိုယ်တိုင်​လာ​ပြီး​တောင်းပန်​ကြ​ကာ သူ​တို့​ကို​ခေါ်ထုတ်​လျက် ထို​မြို့​မှ​ထွက်ခွာ​ကြ​ရန် မေတ္တာရပ်ခံ​ကြ​၏။ သူ​တို့​သည်​လည်း ထောင်​ထဲမှ ထွက်လာ​ကြ​သောအခါ လုဒိ​ထံသို့ သွား​၍ ညီအစ်ကို​များ​နှင့်​တွေ့ဆုံ​ကာ သူ​တို့​ကို တိုက်တွန်း​နှိုးဆော်​ပြီးမှ ထွက်ခွာ​သွား​ကြ​၏။