YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 16:16-33

တမန်တော်ဝတ္ထု 16:16-33 MSBU

တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။ ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။ သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။ သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။ အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍ ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။ လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။ သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။ ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။ သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။ ထောင်မှူး​သည် နိုး​လာ​၍ ထောင်​တံခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အကျဉ်းသား​များ​လွတ်​သွား​ပြီ​ဟု​ထင်မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိမိကိုယ်ကို​သတ်​မည်​ပြု​၏။ သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။ ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။ ထို့နောက် သူ​တို့​ကို အပြင်​သို့​ထုတ်ဆောင်​ကာ “အရှင်​တို့၊ ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။ ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။