YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 16:16-24

တမန်တော်ဝတ္ထု 16:16-24 MSBU

တစ်​နေ့​တွင် ငါ​တို့​သည် ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​သို့​သွား​ကြ​စဉ် ဗေဒင်​ဟော​တတ်​သော​နတ်​ပူး​နေ​သည့် အစေခံ​မိန်းမ​တစ်​ဦး​နှင့် ဆုံ​ကြ​၏။ သူ​သည် ဗေဒင်​ဟော​ခြင်း​ဖြင့် မိမိ​သခင်​တို့​အတွက် များစွာ​သော​အကျိုးစီးပွား​ကို​ဖြစ်​စေ​၏။ ထို​မိန်းမ​သည် ပေါလု​နှင့်​ငါ​တို့​နောက်​သို့ လိုက်လာ​၍ “ဤ​သူ​တို့​သည် အမြင့်ဆုံး​သော​ဘုရားသခင်​၏​အစေအပါး​များ​ဖြစ်​ကြ​ပြီး သင်​တို့​အား ကယ်တင်​ခြင်း​တရား​လမ်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏”​ဟု အော်ဟစ်​လေ​၏။ သူ​သည် ရက်​ပေါင်း​များစွာ ထိုသို့​ပြု​နေ​၍ ပေါလု​သည် စိတ်အနှောင့်အယှက်​ဖြစ်​သဖြင့် နောက်​သို့​လှည့်​ကာ “သူ့​အထဲမှ ထွက်သွား​ရန် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ သင့်​ကို ငါ​အမိန့်​ပေး​၏”​ဟု ထို​နတ်​အား​ဆို​လျှင် ၎င်း​သည် ထို​အချိန်​၌​ပင် ထွက်သွား​လေ​၏။ သို့သော် ထို​မိန်းမ​၏​သခင်​တို့​သည် မိမိ​တို့​အကျိုးစီးပွား​အတွက် မျှော်လင့်​ချက်​မ​ရှိ​တော့​ကြောင်း သိမြင်​သဖြင့် ပေါလု​နှင့်​သိလ​တို့​ကို​ဖမ်းဆီး​၍ အကြီးအကဲ​များ​ရှိ​ရာ ဈေး​အရပ်​သို့ ဆွဲခေါ်​သွား​ကြ​၏။ အုပ်ချုပ်ရေး​အရာရှိ​များ​ထံ ရောက်​ကြ​သောအခါ “ဤ​သူ​တို့​သည် ဂျူး​လူမျိုး​ဖြစ်​ကြ​ပြီး အကျွန်ုပ်​တို့​၏​မြို့​ကို အလွန်​မငြိမ်မသက်​ဖြစ်​စေ​၍ ရောမ​နိုင်ငံသား​များ​ဖြစ်​ကြ​သော​အကျွန်ုပ်​တို့ လက်​မ​ခံ​အပ်၊ မ​ကျင့်သုံး​အပ်​သော ဓလေ့​ထုံးစံ​များ​ကို ဟောပြော​နေ​ကြ​ပါ​သည်”​ဟု ဆို​ကြ​၏။ လူထု​ပရိသတ်​က​လည်း သူ​တို့​နှင့်အတူ​ထ​လျက် ပေါလု​နှင့်​သိလ​တို့​ကို ဆန့်ကျင်​ကြ​၏။ ထိုအခါ အုပ်ချုပ်ရေး​အရာရှိ​တို့​သည် ပေါလု​နှင့်​သိလ​တို့​၏​အဝတ်​ကို​ဆွဲဖြဲ​၍ သူ​တို့​ကို​ရိုက်နှက်​ရန် အမိန့်​ပေး​ကြ​၏။ သူ​တို့​ကို အချက်​ပေါင်း​များစွာ​ရိုက်နှက်​စေ​ပြီးလျှင် ထောင်​ထဲ၌​ထည့်​ထား​ကာ သူ​တို့​ကို သေချာ​စွာ​စောင့်ကြပ်​ထား​ရန် ထောင်မှူး​အား အမိန့်​ပေး​ကြ​၏။ ထို​အမိန့်​ကို​ရ​သော​ထောင်မှူး​သည် သူ​တို့​ကို ထောင်​အတွင်းခန်း​တွင်​ထည့်​ထား​၍ သူ​တို့​ခြေ​ကို ထိတ်တုံး​ခတ်​ထား​လေ​၏။