YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 15

15
အန္တိအုတ်မြို့မှအငြင်းပွားမှု
1လူ​အချို့​တို့​သည် ယုဒ​ပြည်​မှ ဆင်းလာ​၍ “သင်​တို့​သည် မောရှေ​၏​ဓလေ့​ထုံးစံ​အတိုင်း အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်တင်​ခြင်း​မ​ခံရ​နိုင်”​ဟု ညီအစ်ကို​တို့​အား သွန်သင်​ကြ​၏။ 2ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။ 3ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။ 4ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။
5သို့သော် ဖာရိရှဲ​ဂိုဏ်း​ထဲမှ ယုံကြည်​သူ​အချို့​တို့​သည်​ထ​၍ “လူမျိုးခြား​တို့​ကို အရေဖျား​လှီး​ခြင်း​ပေး​ကြ​ရန်​နှင့် မောရှေ​၏​ပညတ်​တရား​ကို စောင့်ထိန်း​ကြ​ရန် ညွှန်ကြား​ရ​မည်”​ဟု ဆို​ကြ​၏။
ဂျေရုဆလင်ကောင်စီ
6ထိုအခါ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် ဤ​အကြောင်းအရာ​ကို ကြည့်ရှု​သုံးသပ်​ရန် စုဝေး​ကြ​၏။ 7များစွာ​ငြင်းခုံ​ဆွေးနွေး​ကြ​ပြီးနောက် ပေတရု​သည် ထ​၍ “ညီအစ်ကို​တို့၊ လူမျိုးခြား​တို့​သည် ငါ​၏​နှုတ်​အားဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့်​တရား​စကား​ကို​ကြားနာ​၍ ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လွန်ခဲ့​သည့်​အချိန်​က သင်​တို့​အထဲမှ ငါ့​ကို ရွေးကောက်​တော်မူ​ကြောင်း သင်​တို့​သိ​ကြ​၏။ 8စိတ်နှလုံး​ကို​သိ​တော်မူ​သော​ဘုရားသခင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်မူ​သည့်​နည်းတူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အသိအမှတ်​ပြု​တော်မူ​၏။ 9ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။ 10သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။ 11ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​သည်​ဟု ယုံကြည်​ကြ​၏”​ဟု ပြောဆို​၏။
12ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။ 13သူ​တို့​ပြောဆို​ပြီး​သောအခါ ယာကုပ်​က “ညီအစ်ကို​တို့၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ။ 14ဘုရားသခင်​သည် မိမိ​နာမ​တော်​အတွက် လူမျိုးခြား​တို့​ထဲမှ လူမျိုး​တော်​ကို​ရယူ​ရန် သူ​တို့​ထံ ဦးစွာ​အကြည့်အရှု​ကြွလာ​တော်မူ​ကြောင်း ရှိမုန်​က ပြောပြ​ခဲ့​ပြီ။ 15ပရောဖက်​တို့​၏​စကား​သည်​လည်း ဤ​အကြောင်းအရာ​နှင့် ကိုက်ညီ​၏။ ကျမ်းစာ​၌ 16‘ဤ​အရာ​များ​နောက်တွင် ငါ​သည် ပြန်လာ​၍ ပြိုလဲ​သော​ဒါဝိဒ်​၏​တဲ​ကို ပြန်၍​တည်ဆောက်​မည်။ ငါ​သည် ဖြိုဖျက်​ခြင်း​ခံရ​သော ထို​တဲ​ကို ပြန်၍​တည်ဆောက်​ပြီး ၎င်း​ကို ပြန်လည်​ခိုင်ခံ့​စေ​မည်။ 17ဤသည်ကား ကြွင်းကျန်​သော​လူ​တို့​နှင့် ငါ​၏​နာမ​ဖြင့် ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သော လူမျိုးခြား​အပေါင်း​တို့​သည် ထာဝရ​ဘုရား​ကို ရှာဖွေ​ကြ​မည့်​အကြောင်း​တည်း​ဟု 18ရှေး​ကာလ​မှစ၍ ဤ​အမှုအရာ​များ​ကို သိ​စေ​တော်မူ​သော​ထာဝရ​ဘုရား မိန့်​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
19ထို့ကြောင့် လူမျိုးခြား​တို့​ထဲမှ ဘုရားသခင်​ထံ​ပြောင်းလဲ​လာ​သော​သူ​တို့​ကို ဒုက္ခ​မ​ပေး​ဘဲ 20ရုပ်တု​များ​ကြောင့်​ညစ်ညူး​သော​အရာ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် သွေး​တို့​ကို​ရှောင်ကြဉ်​ကြ​ရန် သူ​တို့​ထံ စာ​ရေး​သင့်​သည်​ဟု ငါ​ယူဆ​၏။ 21အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။
လူမျိုးခြားတို့ထံသို့ ပေးစာ
22ထိုအခါ တမန်တော်​များ၊ အသင်းတော်​အကြီးအကဲ​များ​နှင့် အသင်းတော်​တစ်ခုလုံး​သည် သူ​တို့​အထဲမှ လူ​ကို​ရွေးကောက်​၍ ပေါလု၊ ဗာနဗ​တို့​နှင့်အတူ အန္တိအုတ်​မြို့​သို့​စေလွှတ်​ရန် ဆုံးဖြတ်​ကြ​ကာ ညီအစ်ကို​တို့​တွင် ဦးဆောင်​သူ​များ​ဖြစ်​ကြ​သော ဗာရှဗ​ခေါ်​ယုဒ​နှင့် သိလ​တို့​ကို ရွေးကောက်​ကြ​၏။ 23ထို​သူ​တို့​မှတစ်ဆင့်​ပေး​လိုက်​သော စာ​၌​ကား “တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ဖြစ်​ကြ​သော ညီအစ်ကို​တို့​သည် အန္တိအုတ်​မြို့၊ ဆီးရီးယား​ပြည်​နှင့် ဆီလီဆီးယား​ပြည်​ရှိ လူမျိုးခြား​ထဲမှ ညီအစ်ကို​တို့​အား နှုတ်ခွန်း​ဆက်သ​လိုက်​ပါ​၏။ 24ငါ​တို့​ထံမှ လူ​အချို့​တို့​သည် ငါ​တို့​၏​ညွှန်ကြား​ချက်​မ​ရှိ​ဘဲ​ထွက်သွား​၍ အမျိုးမျိုး​သော​စကား​အားဖြင့် သင်​တို့​ကို​ပူပန်​စေ​ပြီး သင်​တို့​ကို စိတ်​အနှောင့်အယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။ 25-26သို့ဖြစ်၍ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အတွက် မိမိ​တို့​အသက်​ကို​ဆက်ကပ်​ထား​သူ​များ​ဖြစ်​ကြ​သည့် ငါ​တို့​ချစ်​သော ဗာနဗ၊ ပေါလု​တို့​နှင့်အတူ လူ​တို့​ကို​ရွေးကောက်​ပြီး သင်​တို့​ထံသို့ စေလွှတ်​ရန် ငါ​တို့​အားလုံး သဘောတူ​ဆုံးဖြတ်​ကြ​သည်​နှင့်အညီ 27ယုဒ​နှင့်​သိလ​တို့​ကို ငါ​တို့​စေလွှတ်​လိုက်​ပါ​၏။ သူ​တို့​သည် ဤ​အကြောင်းအရာ​တို့​ကို နှုတ်​ဖြင့်​လည်း ပြောပြ​ကြ​ပါ​လိမ့်မည်။ 28အကြောင်းမူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ငါ​တို့​သည် လိုက်နာ​ရန်​လိုအပ်​သည့်​အောက်ပါ​အချက်​များ​မှတစ်ပါး အခြား​မည်သည့်​ဝန်ထုပ်ဝန်ပိုး​ကို​မျှ သင်​တို့​အပေါ်​မ​တင်​ရန် ဆုံးဖြတ်​ထား​ကြ​၏။ 29၎င်း​မှာ သင်​တို့​သည် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ၊ သွေး၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် တရားနှင့်မညီ​မေထုန်ပြု​ခြင်း​တို့​ကို ရှောင်ကြဉ်​ကြ​ရန်​ဖြစ်​၏။ သင်​တို့​သည် ဤ​အရာ​တို့​နှင့်​ကင်းရှင်း​လျက်​နေ​လျှင် ကောင်း​ပေ​၏။ ကျန်းမာ​ရွှင်လန်း​ကြ​ပါစေ”​ဟူ၍ ရေး​ထား​၏။
ဂျေရုဆလင်မြို့မှပေးပို့သော စာ၏အကျိုးရလဒ်
30ဤသို့ဖြင့် သူ​တို့​ကို လွှတ်​လိုက်​သောအခါ သူ​တို့​သည် အန္တိအုတ်​မြို့​သို့ ဆင်းသွား​ကြ​၍ တပည့်​တော်​အစုအဝေး​ကို စုဝေး​စေ​ပြီးလျှင် စာ​ကို ပေးအပ်​ကြ​၏။ 31သူ​တို့​သည် ထို​စာ​ကို​ဖတ်​ကြ​သောအခါ ၎င်း​၌​ပါ​သော တိုက်တွန်း​အားပေး​မှု​ကြောင့် ဝမ်းမြောက်​ကြ​၏။ 32ယုဒ​နှင့်​သိလ​တို့​ကိုယ်တိုင်​သည်​လည်း ပရောဖက်​များ​ဖြစ်​ကြ​သောကြောင့် များစွာ​သော​စကား​တို့​ဖြင့် ညီအစ်ကို​တို့​ကို တိုက်တွန်း​နှိုးဆော်​လျက် ခိုင်ခံ့​မြဲမြံ​စေ​ကြ​၏။ 33ထို့နောက် အချိန်​အတန်ကြာ​နေ​ပြီးမှ ညီအစ်ကို​တို့​သည် သူ​တို့​ကို ငြိမ်းချမ်း​စွာ​ပြန်လွှတ်​သဖြင့် သူ​တို့​သည် မိမိ​တို့​ကို​စေလွှတ်​သော​သူ​တို့​ထံသို့ ပြန်သွား​ကြ​၏။ 34[သို့သော် သိလ​သည် ထို​နေရာ​၌​နေရစ်​ရန် ဆုံးဖြတ်​လေ​၏။] 35ပေါလု​နှင့်​ဗာနဗ​တို့​သည်​လည်း အန္တိအုတ်​မြို့​၌​နေ​လျက် အခြား​သော​သူ​များစွာ​တို့​နှင့်အတူ သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​၍​သွန်သင်​ကြ​၏။
ပေါလုနှင့်ဗာနဗတို့ လမ်းခွဲကြခြင်း
36ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။ 37ဗာနဗ​သည် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို​လည်း မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လို​၏။ 38သို့သော် ပေါလု​က ပံဖုလိ​ပြည်​တွင် သူ​တို့​ထံမှ ထွက်ခွာ​သွား​ပြီး အမှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်အတူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်သွား​သင့်​ဟု မှတ်ယူ​၏။ 39ထိုအခါ ပြင်းထန်​သော​ငြင်းခုံ​မှု​ဖြစ်​ပွား​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​လမ်းခွဲ​ကြ​၍ ဗာနဗ​သည် မာကု​ကို​ခေါ်​ပြီး ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​သွား​ကြ​၏။ 40ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။ 41သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော်ဝတ္ထု 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ