YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 14:8-18

တမန်တော်ဝတ္ထု 14:8-18 MSBU

လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။ ထို​သူ​သည် ပေါလု​ဟောပြော​သည်​ကို နားထောင်​နေ​၏။ ပေါလု​သည် ထို​သူ​ကို စေ့စေ့​ကြည့်​၍ အကောင်း​ပကတိ​ဖြစ်​ရန် သူ​၌ ယုံကြည်​ခြင်း​ရှိ​ကြောင်း မြင်​လျှင် “ထ​၍ သင့်​ခြေထောက်​ဖြင့် မတ်မတ်​ရပ်​လော့”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ဆို​၏။ ထိုအခါ သူ​သည် ထခုန်​၍ လမ်းလျှောက်​လေ​၏။ လူ​တို့​သည် ပေါလု​ပြု​သော​အရာ​ကို မြင်​လျှင် “ဘုရား​များ​သည် လူ့​အသွင်​ကို​ဆောင်​လျက် ငါ​တို့​ထံသို့ ဆင်းသက်​လာ​လေ​ပြီ”​ဟု မိမိ​တို့​အသံ​ကို​ကျယ်စွာပြု​၍ လုကောနိ​ဘာသာ​စကား​ဖြင့် ပြောဆို​ကြ​၏။ သူ​တို့​သည် ဗာနဗ​ကို ဇုသ​ဟု​ခေါ်​၍ ပေါလု​သည် ဦးဆောင်​ဟောပြော​သူ​ဖြစ်​သောကြောင့် သူ့​ကို ဟေရမေ​ဟု​ခေါ်​ကြ​၏။ မြို့​အပြင်​၌​ရှိ​သော ဇုသ​၏​ယဇ်ပုရောဟိတ်​သည် လူထု​ပရိသတ်​နှင့်အတူ ယဇ်​ပူဇော်​လို​၍ နွားလား​နှင့်​ပန်းကုံး​များ​ကို မြို့​တံခါးဝ​သို့ ယူဆောင်​လာ​၏။ တမန်တော်​ဗာနဗ​နှင့်​ပေါလု​တို့​သည် ထို​အကြောင်း​ကို​ကြား​လျှင် မိမိ​တို့​၏​အဝတ်​ကို​ဆုတ်ဖြဲ​၍ လူထု​ပရိသတ်​အလယ်​သို့​ပြေးသွား​ကာ “မိတ်ဆွေ​တို့၊ အဘယ်ကြောင့် ဤ​အရာ​တို့​ကို ပြု​ကြ​သနည်း။ ငါ​တို့​သည်​လည်း သင်​တို့​နည်းတူ သာမန်​လူသား​များ​ဖြစ်​ကြ​ပြီး သင်​တို့​သည် ဤ​အချည်းနှီး​သော​အရာ​များ​ကို​စွန့်ခွာ​၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်​နှင့် ၎င်း​တို့​၌​ရှိ​သော​အရာ​အားလုံး​တို့​ကို ဖန်ဆင်း​တော်မူ​သော အသက်ရှင်​သည့်​ဘုရားသခင်​ထံသို့ ပြောင်းလဲ​ကြ​ရန် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​နေ​သူ​များ​ဖြစ်​ကြ​၏။ လွန်လေပြီး​သော​ခေတ်​ကာလ​များ​တွင် ဘုရားသခင်​သည် လူမျိုး​တကာ​တို့​ကို မိမိ​တို့​လမ်းစဉ်​အတိုင်း​လျှောက်လှမ်း​ကြ​ရန် အခွင့်​ပေး​ထား​တော်မူ​၏။ သို့သော် မိမိ​အကြောင်း​ကို သက်သေ​မ​ခံ​ဘဲ​နေ​တော်မူ​သည်​မ​ဟုတ်။ ကိုယ်တော်​သည် သင်​တို့​အတွက် ကောင်းကင်​မှ​မိုး​ရွာ​စေ​တော်မူ​၍ အသီးအနှံ​ဖြစ်ထွန်း​သော ရာသီ​တို့​ကို​ပေး​ကာ အစာ​အာဟာရ​နှင့်​ဝမ်းမြောက်​ခြင်း​တို့​ဖြင့် သင်​တို့​စိတ်နှလုံး​ကို ပြည့်ဝ​စေ​လျက် ကောင်း​သော​အမှု​ကို ပြု​တော်မူ​၏”​ဟု အော်ဟစ်​ပြောဆို​ကြ​၏။ သူ​တို့​သည် ထိုသို့​ပြောဆို​လျက် မိမိ​တို့​အား ယဇ်​ပူဇော်​ခြင်း​မ​ပြု​ကြ​ရန် လူထု​ပရိသတ်​များ​ကို ခဲယဉ်း​စွာ​တားမြစ်​ရ​၏။