YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 13:13-52

တမန်တော်ဝတ္ထု 13:13-52 MSBU

ပေါလု​နှင့်​သူ​၏​အပေါင်းအပါ​တို့​သည် ပါဖု​မြို့​မှ​ရွက်လွှင့်​၍ ပံဖုလိ​ပြည်၊ ပေရဂေ​မြို့​သို့​ရောက်​ကြ​၏။ ထိုအခါ ယောဟန်​သည် သူ​တို့​ထံမှ ခွဲခွာ​၍ ဂျေရုဆလင်​မြို့​သို့ ပြန်သွား​လေ​၏။ သူ​တို့​မူကား ပေရဂေ​မြို့​ကို​ဖြတ်သွား​၍ ပိသိဒိ​ပြည်၊ အန္တိအုတ်​မြို့​သို့​ရောက်​ကြ​ပြီးလျှင် ဥပုသ်​နေ့​၌ ဝတ်ပြု​စည်းဝေး​ကျောင်း​ထဲသို့​ဝင်​၍ ထိုင်​ကြ​၏။ ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို ဖတ်ကြား​ပြီး​သောအခါ ဝတ်ပြု​စည်းဝေး​ကျောင်း​တာဝန်ခံ​များ​သည် သူ​တို့​ထံ လူ​လွှတ်​၍ “ညီအစ်ကို​တို့၊ သင်​တို့​တွင် လူ​တို့​အား တိုက်တွန်း​အားပေး​စကား​တစ်စုံတစ်ခု​ရှိ​လျှင် ပြော​ကြ​ပါ”​ဟု ဆို​ကြ​၏။ ထိုအခါ ပေါလု​သည်​ထ​၍ လက်ရိပ်​ပြ​လျက် “အစ္စရေး​အမျိုးသား​တို့​နှင့် ဘုရားသခင်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့၊ နားထောင်​ကြ​ပါ။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​သည် ငါ​တို့​ဘိုးဘေး​များ​ကို ရွေးကောက်​တော်မူ​၍ အီဂျစ်​ပြည်​၌ ဧည့်သည်​အဖြစ်​နေထိုင်​စဉ် ဤ​လူမျိုး​တော်​ကို ချီးမြှောက်​တော်မူ​၏။ ထို့နောက် အားကြီး​သော​လက်ရုံး​တော်​အားဖြင့် သူ​တို့​ကို ထို​တိုင်းပြည်​မှ ထုတ်ဆောင်​တော်မူ​ပြီး အနှစ်​လေးဆယ်​ခန့်မျှ​သော​ကာလ​ပတ်လုံး တော​ကန္တာရ​တွင် သူ​တို့​ကို သည်းခံ​တော်မူ​၏။ ထို့နောက် ခါနာန်​ပြည်​ရှိ​လူမျိုး​ခုနစ်​မျိုး​တို့​ကို ဖျက်ဆီး​၍ သူ​တို့​၏​တိုင်းပြည်​ကို လူမျိုး​တော်​အား အမွေ​အဖြစ်​ခွဲဝေ​ပေး​တော်မူ​၏။ ဤ​အရာ​တို့​သည် နှစ်​ပေါင်း​လေးရာ​ငါးဆယ်​ခန့်​ကြာ​၏။ ထို့နောက် ပရောဖက်​ရှမွေလ​ခေတ်​တိုင်အောင် သူ​တို့​အား တရားသူကြီး​များ​ကို ပေး​တော်မူ​၏။ ထို​မှ​တစ်ဖန် သူ​တို့​သည် ဘုရင်​ကို​တောင်း​ကြ​သဖြင့် ဘုရားသခင်​သည် ဗင်္ယာမိန်​အနွယ်​မှ ကိရှ​၏​သား​ရှောလု​ကို အနှစ်​လေးဆယ်​တိုင်တိုင် သူ​တို့​အား ပေး​တော်မူ​၏။ ရှောလု​ကို​ဖယ်ရှား​ပြီးနောက် ဒါဝိဒ်​အား သူ​တို့​၏​ဘုရင်​အဖြစ် ချီးမြှောက်​တော်မူ​လျက် သူ​နှင့်ပတ်သက်၍ သက်သေခံ​သည်​ကား ‘ငါ​၏​စိတ်​နှင့်​တွေ့​သူ၊ ယေရှဲ​၏​သား​ဒါဝိဒ်​ကို ငါ​တွေ့​ပြီ။ သူ​သည် ငါ​၏​အလို​ရှိသမျှ​ကို ဆောင်ရွက်​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။ ဘုရားသခင်​သည် ကတိ​တော်​အတိုင်း အစ္စရေး​လူမျိုး​အတွက် ကယ်တင်ရှင်​ယေရှု​ကို ဤ​ဒါဝိဒ်​၏​အမျိုးအနွယ်​မှ ပေါ်ထွန်း​စေ​တော်မူ​၏။ ထို​အရှင်​ကြွလာ​တော်​မ​မူ​မီ ယောဟန်​သည် အစ္စရေး​လူမျိုး​အပေါင်း​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​တရား​ကို ကြိုတင်​ဟောပြော​လေ​၏။ ယောဟန်​သည် တစ်​ဘဝ​တာ တာဝန်​ပြီးစီး​တော့မည့်​အချိန်​၌ ‘သင်​တို့​သည် ငါ့​ကို မည်သူ​ဖြစ်​သည်​ဟု ထင်မှတ်​ကြ​သနည်း။ ငါ​သည် ထို​အရှင်​မ​ဟုတ်။ ထို​အရှင်​သည် ငါ့​နောက်​တွင်​ကြွလာ​တော်မူ​၏။ ထို​အရှင်​၏​ခြေ​မှ ခြေနင်း​တော်​ကြိုး​ကို​ဖြေ​ပေး​ရန်​ပင် ငါ​သည် မ​ထိုက်တန်’​ဟု ဆို​၏။ အာဗြဟံ​၏​အမျိုးအနွယ်​ဝင်​ဖြစ်​သူ​များ​နှင့် သင်​တို့​ထဲမှ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​ညီအစ်ကို​တို့၊ ဤ​ကယ်တင်​ခြင်း​သတင်း​စကား​သည် ငါ​တို့​ထံသို့ ပေးပို့​ခြင်း​ခံရ​၏။ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​များ​နှင့် သူ​တို့​၏​အကြီးအကဲ​များ​သည် ထို​အရှင်​ကို​လည်းကောင်း၊ ဥပုသ်နေ့​တိုင်း​ဖတ်ကြား​သည့် ပရောဖက်​တို့​၏​စကား​ကို​လည်းကောင်း မ​သိ​နား​မ​လည်​ကြ​၍ ထို​အရှင်​ကို ပြစ်ဒဏ်​စီရင်​ခြင်း​အားဖြင့် ထို​စကား​တို့​ကို ပြည့်စုံ​စေ​ကြ​၏။ သူ​တို့​သည် ကိုယ်တော်​၌ သေဒဏ်​ချမှတ်​နိုင်​သည့်​ပြစ်မှု​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့​သော်လည်း ကိုယ်တော်​ကို​ကွပ်မျက်​ရန် ပိလတ်​မင်း​အား တောင်းဆို​ကြ​၏။ ဤသို့ဖြင့် ကိုယ်တော်​ကို​ရည်ညွှန်း​၍ ရေး​ထား​သော​အရာ​အားလုံး​တို့​ကို ပြု​ကြ​ပြီး​သောအခါ အလောင်း​တော်​ကို သစ်​တိုင်​မှ​ချ​၍ သင်္ချိုင်း​ဂူ​ထဲတွင် သွင်း​ထား​ကြ​၏။ သို့သော် ဘုရားသခင်​သည် ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​၏။ ကိုယ်တော်​သည် ဂါလိလဲ​နယ်​မှ ဂျေရုဆလင်​မြို့​သို့ မိမိ​နှင့်အတူ​လိုက်ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များစွာ​အတွင်း ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ယခု​အခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ငါ​တို့​သည်​လည်း ဘိုးဘေး​များ​အား​ပေး​တော်မူ​သော ကတိ​တော်​နှင့်ဆိုင်သည့်​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။ ဘုရားသခင်​သည် ယေရှု​ကို​ထမြောက်​စေ​၍ ဘိုးဘေး​တို့​၏​သားသမီး​များ​ဖြစ်​ကြ​သော​ငါ​တို့​အတွက် ထို​ကတိ​တော်​တို့​ကို ပြည့်စုံ​စေ​တော်မူ​ပြီ။ ဤသည်ကား ဒုတိယ​မြောက်​သော​ဆာလံ​ကျမ်း​၌ ‘သင်​သည် ငါ​၏​သား​ဖြစ်​၏။ ယနေ့​ပင် သင့်​ကို ငါ​ဖွားမြင်​စေ​ပြီ’​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ကိုယ်တော်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​ပြီး နောက်တစ်ဖန် ပုပ်ပျက်​ခြင်း​သို့​မ​ရောက်​စေ​သည့်​အကြောင်း​နှင့်ပတ်သက်၍ ဘုရားသခင်​က ‘ငါ​သည် ဒါဝိဒ်​အား​ပေး​ထား​သည့် သန့်ရှင်း​၍​ယုံကြည်​ထိုက်​သော​ကောင်းချီး​ကို သင်​တို့​အား​ပေး​မည်’​ဟု မိန့်​တော်မူ​ခဲ့​၏။ ထို့ကြောင့် အခြား​သော​ဆာလံ​ကျမ်း​တွင်​လည်း ‘ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု မိန့်ဆို​ထား​၏။ အကြောင်းမှာ ဒါဝိဒ်​သည် မိမိ​လက်ထက်​၌ ဘုရားသခင်​၏​အလို​တော်​ကို ဆောင်ရွက်​ပြီးလျှင် အိပ်ပျော်​၍ မိမိ​ဘိုးဘေး​တို့​၏​သင်္ချိုင်း​တွင် သင်္ဂြိုဟ်​ခြင်း​ခံရ​လျက် ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ရ​၏။ သို့သော် ဘုရားသခင်​ထမြောက်​စေ​တော်မူ​သော​အရှင်​မူကား ပုပ်ပျက်​ခြင်း​နှင့် မ​ကြုံတွေ့​ခဲ့​ပေ။ ထို့ကြောင့် ညီအစ်ကို​တို့၊ ထို​အရှင်​အားဖြင့် အပြစ်​များ​ခွင့်လွှတ်​ခြင်း​တရား​ကို သင်​တို့​အား ဟောပြော​သည်​ကို​လည်းကောင်း၊ ယုံကြည်​သူ​အပေါင်း​တို့​သည် မောရှေ​၏​ပညတ်​တရား​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​မ​ခံရ​နိုင်​သော​အရာ​အားလုံး​တို့​မှ​လွတ်​၍ ထို​အရှင်​အားဖြင့် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​ကို​လည်းကောင်း သင်​တို့​သိမှတ်​ကြ​လော့။ သို့ဖြစ်၍ ‘မထီမဲ့မြင်​ပြု​တတ်​သော​သူ​တို့၊ ကြည့်ရှု​လျက်​အံ့ဩ​ကြ​ကာ ပျက်စီး​ခြင်း​သို့​ရောက်​ကြ​လော့။ အကြောင်းမူကား ငါ​သည် သင်​တို့​လက်ထက်​၌ အမှု​တစ်ခု​ကို ပြုလုပ်​မည်။ တစ်စုံတစ်ယောက်​က ထို​အမှု​ကို သင်​တို့​အား အကုန်အစင်​ပြောပြ​သော်လည်း သင်​တို့​သည် လုံးဝ​ယုံကြည်​ကြ​မည်​မ​ဟုတ်’​ဟု ပရောဖက်​များ​အားဖြင့် မိန့်​တော်မူ​ထား​သော​အရာ​သည် သင်​တို့​အပေါ် မ​သက်ရောက်​မည့်အကြောင်း သတိပြု​ကြ​လော့”​ဟု ဆို​လေ​၏။ ပေါလု​နှင့်​ဗာနဗ​တို့ ထွက်ခွာ​လာ​ကြ​စဉ် လူ​တို့​က လာမည့်​ဥပုသ်နေ့​၌​လည်း ဤ​အကြောင်းအရာ​များ​ကို မိမိ​တို့​အား ဟောပြော​ပါ​ရန်​တောင်းပန်​ကြ​၏။ ဝတ်ပြု​စည်းဝေး​ကျောင်း​ဆင်း​သောအခါ များစွာ​သော​ဂျူး​လူမျိုး​မှစ၍ ဘုရားသခင်​ကို​ကိုးကွယ်​သည့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​တို့​သည် ပေါလု​နှင့်​ဗာနဗ​တို့​နောက်​သို့ လိုက်​ကြ​၏။ သူ​တို့​နှစ်​ဦး​သည်​လည်း ထို​သူ​တို့​အား ဘုရားသခင်​၏​ကျေးဇူး​တော်​၌ ဆက်လက်​တည်နေ​ကြ​ရန် အားပေး​တိုက်တွန်း​ကြ​၏။ နောက်​ဥပုသ်နေ့​တွင် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရန် တစ်​မြို့​လုံး​နီးပါး စုဝေး​လာ​ကြ​၏။ သို့သော် ဂျူး​လူမျိုး​တို့​သည် ထို​လူ​အစုအဝေး​ကို​မြင်​လျှင် မနာလို​စိတ်​နှင့်​ပြည့်​၍ ပေါလု​ဟောပြော​သော​အကြောင်းအရာ​များ​ကို ဆန့်ကျင်​လျက် စော်ကား​ပြောဆို​ကြ​၏။ ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ရဲရင့်​စွာ​ဟောပြော​လျက် “ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို သင်​တို့​အား ဦးစွာ​ဟောပြော​ရန်​လိုအပ်​၏။ သို့သော် သင်​တို့​သည် ၎င်း​ကို​ငြင်းပယ်​၍ မိမိတို့ကိုယ်ကို ထာဝရ​အသက်​နှင့်​မ​ထိုက်တန်​ဟု စီရင်​ကြ​သောကြောင့် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့ လှည့်​သွား​ကြ​၏။ အကြောင်းမူကား သခင်​ဘုရား​က ‘သင်​တို့​သည် ကယ်တင်​ခြင်း​ကျေးဇူး​ကို မြေကြီး​စွန်း​တိုင်အောင် ရောက်ရှိ​စေရန် ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​အတွက် အလင်း​အဖြစ် ခန့်ထား​ပြီ’​ဟူ၍ ငါ​တို့​အား မိန့်မှာ​တော်မူ​၏”​ဟု ဆို​လေ​၏။ လူမျိုးခြား​တို့​သည် ထို​စကား​ကို​ကြား​လျှင် ဝမ်းမြောက်​လျက် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ချီးမွမ်း​ကြ​၏။ ထာဝရ​အသက်​ရရှိ​ရန် သတ်မှတ်​ထား​ခြင်း​ခံရ​သော​သူ​ရှိသမျှ​တို့​သည်​လည်း ယုံကြည်​ကြ​၏။ ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် ထို​အရပ်​ဒေသ​တစ်လျှောက်လုံး​တွင် ပျံ့နှံ့​သွား​လေ​၏။ သို့သော် ဂျူး​လူမျိုး​တို့​သည် ဘုရားသခင်​ကို​ကိုးကွယ်​သော ဂုဏ်သရေ​ရှိ​အမျိုးသမီး​များ​နှင့် မြို့​၏​ခေါင်းဆောင်​များ​ကို တိုက်တွန်း​၍ ပေါလု​နှင့်​ဗာနဗ​တို့​ကို ညှဉ်းဆဲ​စေရန် သွေးထိုး​လှုံ့ဆော်​ကာ သူ​တို့​ကို မိမိ​တို့​၏​အရပ်​ဒေသ​မှ နှင်ထုတ်​ကြ​၏။ ထိုအခါ ပေါလု​နှင့်​ဗာနဗ​တို့​သည် ထို​သူ​တို့​တစ်ဖက်​၌ ခြေဖဝါး​မှ​မြေမှုန့်​ကို ခါချ​ပြီးလျှင် ဣကောနိ​မြို့​သို့ သွား​ကြ​၏။ တပည့်​တော်​တို့​သည်​လည်း ဝမ်းမြောက်​ခြင်း​နှင့်​လည်းကောင်း၊ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း ပြည့်ဝ​လျက်​ရှိ​ကြ​၏။