YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 13:1-12

တမန်တော်ဝတ္ထု 13:1-12 MSBU

အန္တိအုတ်​မြို့​၌​ရှိ​သော​အသင်းတော်​တွင် ဗာနဗ၊ နိဂါ​ဟု​ခေါ်​သော​ရှိမောင်၊ ကုရေနေ​မြို့သား​လုကိ၊ နယ်စား​ဟေရုဒ်​နှင့်​နို့စို့ဖက်​ဖြစ်​သူ​မာနင်​နှင့် ရှောလု စသည့်​ပရောဖက်​များ​နှင့်​ဆရာ​များ​ရှိ​ကြ​၏။ သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။ ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။ ရှာလမိ​မြို့​သို့​ရောက်​ကြ​သောအခါ ဂျူး​လူမျိုး​တို့​၏​ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို ဟောပြော​ကြ​၏။ သူ​တို့​သည်​ယောဟန်​ကို​လည်း အကူအညီ​ပေး​သူ​အဖြစ် ခေါ်​သွား​ကြ​၏။ တစ်​ကျွန်း​လုံး​ကို​လှည့်လည်​၍ ပါဖု​မြို့​အထိ​ရောက်​လျှင် ပရောဖက်​အတုအယောင်​ဖြစ်​သည့် ဗာယေရှု​အမည်​ရှိ​သော ဂျူး​လူမျိုး​မှော်ဆရာ​တစ်​ဦး​ကို တွေ့​ကြ​၏။ ထို​သူ​သည် ဉာဏ်ထက်မြက်​သူ​တစ်​ဦး​ဖြစ်​သည့် အုပ်ချုပ်ရေးမှူး​သေရဂိ​ပေါလု​နှင့်အတူ​ရှိ​နေ​၏။ ထို​အုပ်ချုပ်ရေးမှူး​သည် ဘုရားသခင်​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​လို​၍ ဗာနဗ​နှင့်​ရှောလု​တို့​ကို ဖိတ်ခေါ်​လေ​၏။ သို့သော် မှော်ဆရာ​ဟု​အဓိပ္ပာယ်​ရ​သည့် ဧလုမ​အမည်​ရှိ​သော ထို​သူ​သည် အုပ်ချုပ်ရေးမှူး​အား ယုံကြည်​ခြင်း​မှ​လွှဲဖယ်​စေရန် ကြိုးစား​ရှာကြံ​လျက် ဗာနဗ​နှင့်​ရှောလု​တို့​ကို ဟန့်တား​လေ​၏။ ထိုအခါ ပေါလု​ဟု​လည်း​ခေါ်​သော​ရှောလု​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​လျက် သူ့​ကို စေ့စေ့​ကြည့်​ကာ “အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။ ကြည့်​လော့။ ထာဝရ​ဘုရား​၏​လက်​တော်​သည် ယခု​ပင် သင့်​အပေါ်သို့​ကျရောက်​သဖြင့် သင်​သည် မျက်စိကွယ်​လျက် ကာလ​အတန်ကြာ နေ​ကို​မ​မြင်​ဘဲ​နေ​လိမ့်မည်”​ဟု ဆို​၏။ ထို​ခဏချင်း​တွင် မှုန်ဝါး​ခြင်း​နှင့်​မှောင်မိုက်​ခြင်း​တို့​သည် သူ့​အပေါ်​ကျရောက်​သဖြင့် သူ​သည် လက်ဆွဲ​၍​လမ်းပြ​မည့်​သူ​ကို စမ်းတဝါးဝါး​လိုက်ရှာ​လေ​၏။ အုပ်ချုပ်ရေးမှူး​သည် ဖြစ်ပျက်​သော​အမှုအရာ​ကို​မြင်​လျှင် သခင်​ဘုရား​နှင့်​ပတ်သက်သော​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​လျက် ယုံကြည်​လေ​၏။