ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။ သူသည် ဘုရားဝတ်၌မွေ့လျော်သောသူဖြစ်ပြီး သူ၏အိမ်သူအိမ်သားအားလုံးနှင့်တကွ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေ၍ ဂျူးလူမျိုးတို့အား များစွာပေးကမ်းစွန့်ကြဲကာ ဘုရားသခင်ထံ အမြဲဆုတောင်းလျက်နေ၏။ တစ်နေ့သောအခါ မွန်းလွဲသုံးနာရီအချိန်ခန့်တွင် သူသည် မိမိထံသို့ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးဝင်လာ၍ “ကော်နေလိ”ဟု ခေါ်သည်ကို ရူပါရုံ၌ ထင်ရှားစွာမြင်လေ၏။ ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။ ထို့ကြောင့် ယခု သင်သည် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သောရှိမုန်ကို ခေါ်ဖိတ်လော့။ သူသည် သားရေနယ်သမားရှိမုန်အိမ်၌ တည်းခိုနေ၏။ ထိုအိမ်သည် ပင်လယ်ကမ်းနားတွင်ရှိ၏”ဟု မြွက်ဆိုလေ၏။ မိမိအားမြွက်ဆိုသောကောင်းကင်တမန်ထွက်ခွာသွားသောအခါ ကော်နေလိသည် အစေခံနှစ်ဦးနှင့် မိမိအနီးအပါးတွင်တာဝန်ထမ်းဆောင်နေသောသူတို့ထဲမှ ဘုရားဝတ်၌မွေ့လျော်သော စစ်သားတစ်ဦးကိုခေါ်၍ အကြောင်းစုံကိုပြောပြပြီးလျှင် သူတို့ကို ယုပ္ပေမြို့သို့ စေလွှတ်လေ၏။ နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။ ထိုအချိန်တွင် သူသည် ဆာလောင်လျက် အစာစားလိုစိတ်ဖြစ်ပေါ်လေ၏။ သို့သော် အစားအစာများကို လူတို့ပြင်ဆင်နေကြစဉ် ပေတရုသည် အာရုံမှုန်ဝါးတွေဝေ၍ ကောင်းကင်သည်ပွင့်လျက် ထောင့်လေးခုမှထိန်းထားပြီး မြေပေါ်သို့လျှောကျလာသည့် ရွက်ထည်စကြီးနှင့်တူသောအရာတစ်ခု နိမ့်ဆင်းလာသည်ကို တွေ့ရ၏။ ထိုအရာထဲတွင် မြေကြီးပေါ်ရှိခြေလေးချောင်းသတ္တဝါများမှစ၍ တွားသွားသတ္တဝါများနှင့် မိုးကောင်းကင်ငှက်အမျိုးမျိုးပါ၏။ ထို့နောက်“ပေတရု၊ ထ၍သတ်စားလော့”ဟူသောအသံသည် သူ့ထံသို့ရောက်လာ၏။ သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်ဘုရား၊ အကြောင်းမူကား အကျွန်ုပ်သည် ညစ်ညူးသောအရာနှင့်မစင်ကြယ်သောအရာ တစ်စုံတစ်ခုကိုမျှ မစားဖူးပါ”ဟု လျှောက်လေ၏။ ထိုအခါ ဒုတိယအကြိမ် အသံထပ်မံထွက်ပေါ်လာ၍“ဘုရားသခင်စင်ကြယ်စေသည့်အရာကို ညစ်ညူးသည်ဟု သင်မဆိုနှင့်”ဟု ဆိုလေ၏။ ဤသို့ သုံးကြိမ်တိုင်တိုင်ဖြစ်ပြီးနောက် ထိုအရာသည် ကောင်းကင်သို့ ချက်ချင်းဆောင်ယူသွားခြင်းခံရ၏။
တမန်တော်ဝတ္ထု 10 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော်ဝတ္ထု 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော်ဝတ္ထု 10:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ