YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:1-14

ရှင်ယောဟန်ဩဝါဒစာတတိယစောင် 1:1-14 MSBU

သက်ကြီးဝါကြီး​ဖြစ်​သော​ငါ​သည် သမ္မာတရား​၌ ငါ​ချစ်​သည့် ချစ်​ရ​သော​ဂါယု​ထံသို့ စာ​ရေး​လိုက်​ပါ​၏။ ချစ်​ရ​သော​သူ၊ သင်​၏​စိတ်​ဝိညာဉ်​ကြီးပွား​သကဲ့သို့ သင်​သည် အရာရာ​၌​ကြီးပွား​၍ ကျန်းမာ​ပါစေ​ဟု ငါ​ဆုတောင်း​၏။ သင်​သည် သမ္မာတရား​၌ အသက်ရှင်​လျှောက်လှမ်း​နေ​သည့်​အလျောက် ညီအစ်ကို​အချို့​တို့​သည်​လာ​၍ သင်​၌​ရှိ​သော​သမ္မာတရား​အကြောင်း​ကို သက်သေခံ​ကြ​သောအခါ ငါ​သည် အလွန်​ဝမ်းမြောက်​၏။ ငါ့​သားသမီး​တို့​သည် သမ္မာတရား​၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြောင်း​ကို ကြား​ရ​သည်​ထက် ဝမ်းမြောက်​စရာ​ကောင်း​သော​အရာ​သည် ငါ​၌​မ​ရှိ။ ချစ်​ရ​သော​သူ၊ သင်​သည် ညီအစ်ကို​များ​အပေါ် အထူးသဖြင့် သူစိမ်း​ဧည့်သည်​များ​အပေါ် ပြု​သမျှ​သော​ဝတ်​ကို သစ္စာ​ရှိ​စွာ​ပြု​တတ်​၏။ ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။ ထို​သူ​တို့​သည် သာသနာပ​လူမျိုးခြား​တို့​ထံမှ မည်သည့်​အရာ​ကို​မျှ​မ​ယူ​ဘဲ နာမ​တော်​အတွက်​ခရီး​ပြု​ကြ​၏။ ထို့ကြောင့် ငါ​တို့​သည် သမ္မာတရား​အတွက် သူတို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူညီ​ထောက်ပံ့​သင့်​၏။ ငါ​သည် အသင်းတော်​ထံသို့ စာ​အနည်းငယ်​ရေး​ခဲ့​သော်လည်း သူ​တို့​တွင် ခေါင်းဆောင်​ဖြစ်​လို​သော ဒယောတရပ်​သည် ငါ​တို့​ကို​လက်​မ​ခံ။ ထို့ကြောင့် ငါ​လာ​သောအခါ သူ​ပြု​နေ​သော​အမှု​ကို​ထောက်ပြ​မည်။ သူ​သည် မကောင်း​သော​စကား​အမျိုးမျိုး​တို့​ဖြင့် ငါ​တို့​ကို ကဲ့ရဲ့​ပြစ်တင်​ပြီး ဤမျှ​နှင့်​သာ​မ​ကျေနပ်​ဘဲ သူ​ကိုယ်တိုင်​လည်း ညီအစ်ကို​တို့​ကို​လက်​မ​ခံ၊ လက်ခံ​လို​သော​သူ​များ​ကို​လည်း တားမြစ်​၍ အသင်းတော်​မှ နှင်ထုတ်​၏။ ချစ်​ရ​သော​သူ၊ မကောင်း​သော​အမှု​ကို​အတု​မ​ယူ​ဘဲ ကောင်း​သော​အမှု​ကို​အတုယူ​လော့။ ကောင်း​သော​အမှု​ကို​ပြု​သော​သူ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​၏။ မကောင်း​သော​အမှု​ကို​ပြု​သော​သူ​မူကား ဘုရားသခင်​ကို မ​သိ​မ​မြင်​ဖူး​ချေ။ ဒေမေတရိ​အကြောင်း​ကို လူ​အပေါင်း​တို့​မှစ၍ သမ္မာတရား​ကိုယ်တိုင်​က သက်သေခံ​၏။ ငါ​တို့​သည်​လည်း သက်သေခံ​ကြ​၏။ ငါ​တို့​၏​သက်သေခံ​ချက်​သည် မှန်ကန်​ကြောင်း​ကို​လည်း သင်​သိ​၏။ သင့်​ထံ ငါ​ရေး​စရာ​များစွာ​ရှိ​သော်လည်း မင်​နှင့်​မင်တံ​ဖြင့်​ငါ​မ​ရေး​လို​ပေ။ သင်​နှင့်​အလျင်အမြန်​တွေ့​၍ မျက်နှာချင်းဆိုင်​စကား​ပြောဆို​ရန် ငါ​မျှော်လင့်​ထား​၏။