YouVersion လိုဂို
ရှာရန် အိုင်ကွန်

တိမောသေဩဝါဒစာဒုတိယစောင် 4

4
နှုတ်ကပတ်တော်ကိုဟောပြောရန် တိုက်တွန်းခြင်း
1ငါ​သည် ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ အသက်ရှင်​သော​သူ​တို့​နှင့်​သေ​သော​သူ​တို့​ကို​စီရင်​တော်မူ​မည့် ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​နှင့် ကိုယ်တော်​၏​နိုင်ငံ​တော်​ကို​အကြောင်းပြု​၍ သင့်​အား အလေးအနက်​တိုက်တွန်း​သည်​ကား 2နှုတ်ကပတ်တော်​ကို​ဟောပြော​လော့။ အခွင့်အခါ​ကောင်း​သည်​ဖြစ်စေ၊ မကောင်း​သည်​ဖြစ်စေ မဆုတ်မနစ်​ကြိုးစား​လော့။ စိတ်ရှည်​ခြင်း​အပြည့်အဝ​ဖြင့်​သွန်သင်​လျက် အပြစ်​ဖော်ပြ​ခြင်း၊ သတိပေး​ခြင်း၊ တိုက်တွန်း​နှိုးဆော်​ခြင်း​တို့​ကို​ပြု​လော့။ 3အကြောင်းမူကား လူ​တို့​သည် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို သည်းခံ​နာယူ​နိုင်​ခြင်း​မ​ရှိ​သဖြင့် မိမိ​တို့​တပ်မက်​ခြင်း​အတိုင်း နား​ခံသာ​သော​အရာ​ကို​ဟောပြော​သည့်​ဆရာ​များ​ကို​စုရုံး​စေ​ကာ 4သမ္မာတရား​ကို​နားမထောင်​ဘဲ ဒဏ္ဍာရီ​များ​ဘက်​သို့​လှည့်​သွား​ကြ​မည့်​အချိန်အခါ​ရောက်လာ​လိမ့်မည်။ 5သင်​မူကား အရာရာ​၌ သမ္မာသတိ​ရှိ​လော့။ ဆင်းရဲ​ဒုက္ခ​ကို​ခံ​၍ ကောင်းမြတ်​သော​သတင်း​ဟောပြော​သူ​ပြု​ရ​မည့်​အမှု​ကို ပြု​လော့။ သင်​၏​အမှု​တော်​လုပ်ငန်း​ကို အပြည့်အဝ​ဆောင်ရွက်​လော့။
6အကြောင်းမူကား ငါ​သည် သွန်းလောင်း​ပူဇော်​ခြင်း​ကို​ခံ​နေ​ရ​ပြီ။ ဤ​ဘဝ​ကို ငါ​စွန့်ခွာ​ရ​မည့်​အချိန်​ရောက်​လေ​ပြီ။ 7ငါ​သည် ကောင်း​သော​တိုက်ပွဲ​ကို တိုက်​ခဲ့​ပြီ။ ပြေး​ရ​မည့်​တာ​ကို အဆုံး​တိုင်အောင်​ပြေး​ခဲ့​ပြီ။ ယုံကြည်​ခြင်း​ကို စောင့်ထိန်း​ခဲ့​ပြီ။ 8ယခု​အခါ​တွင် ဖြောင့်မတ်​ခြင်း​သရဖူ​သည် ငါ့​အတွက် အသင့်​ရှိ​နေ​၏။ ထို​နေ့​၌ ဖြောင့်မတ်​သည့်​တရား​စီရင်​သူ​ဖြစ်​တော်မူ​သော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ့​အား​ပေး​တော်မူ​လိမ့်မည်။ ငါ့​ကို​သာ​မ​ဟုတ်​ဘဲ ကိုယ်တော်​၏​ပေါ်ထွန်း​တော်မူ​ခြင်း​ကို လိုလား​တောင့်တ​သူ​အားလုံး​တို့​ကို​လည်း ပေး​တော်မူ​လိမ့်မည်။
နောက်ဆုံးညွှန်ကြားချက်များ
9ငါ့​ထံသို့​အလျင်အမြန်​လာ​ရန် ကြိုးစား​လော့။ 10အကြောင်းမူကား ဒေမ​သည် ယခု​ဘဝ​ကို​ချစ်​၍ ငါ့​ကို​စွန့်ပစ်​ကာ သက်သာလောနိတ်​မြို့​သို့ သွား​လေ​ပြီ။ ကရက္ကေ​သည် ဂလာတိ​ပြည်​သို့​လည်းကောင်း၊ တိတု​သည် ဒါလမာတိ​ပြည်​သို့​လည်းကောင်း သွား​ကြ​ပြီ။ 11လုကာ​တစ်ဦးတည်း​သာ ငါ​နှင့်အတူ​ရှိ​၏။ မာကု​ကို သင်​နှင့်အတူ​ခေါ်ဆောင်​လာ​ခဲ့​လော့။ အကြောင်းမူကား သူ​သည် ငါ့​အတွက် အမှု​တော်​လုပ်ငန်း​၌ အသုံးဝင်​သူ​ဖြစ်​၏။ 12တုခိတ်​ကို​မူကား ဧဖက်​မြို့​သို့ ငါ​စေလွှတ်​လိုက်​၏။ 13သင်​လာ​သောအခါ တရော​မြို့​တွင် ကာပု​ထံ၌ ငါ​ထားခဲ့​သည့် ဝတ်လုံ​နှင့်တကွ စာလိပ်​များ အထူးသဖြင့် သားရေ​ပုရပိုက်​များ​ကို ယူ​ခဲ့​လော့။
14ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။ 15သင်​သည်​လည်း သူ့​ကို​သတိပြု​လော့။ အကြောင်းမူကား သူ​သည် ငါ​တို့​၏​စကား​ကို ပြင်းထန်​စွာ​ဆန့်ကျင်​၏။
16ငါ​၏​အမှု​အတွက် ပထမ​အကြိမ်​ချေပ​ပြောဆို​ရာ​တွင် မည်သူမျှ ငါ့​ဘက်​၌​မ​နေ​ဘဲ အားလုံး​သည် ငါ့​ကို​စွန့်ပစ်​ကြ​၏။ ဤ​အမှုအရာ​ကြောင့် သူ​တို့​၏​အပြစ်​ကို မှတ်​တော်​မ​မူ​ပါစေ​နှင့်။ 17သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။ 18သခင်​ဘုရား​သည် မကောင်း​သော​အမှု​အလုံးစုံ​တို့​မှ ငါ့​ကို​ကယ်နုတ်​တော်မူ​၍ အထက်​ကောင်းကင်​အရပ်​၌​ရှိ​သော မိမိ​၏​နိုင်ငံ​တော်​ထဲသို့ လုံခြုံ​စွာ​ပို့ဆောင်​တော်မူ​လိမ့်မည်။ ထို​သခင်​၌ ကမ္ဘာ​အဆက်ဆက်​ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။
ကောင်းချီးပေးခြင်း
19ပြစ်ကိလ​နှင့်​အာကုလ​မှစ၍ ဩနေသိဖော်​၏​အိမ်သူအိမ်သား​ကို နှုတ်ဆက်​ပေး​လော့။ 20ဧရတ္တု​သည် ကောရိန္သု​မြို့​၌ နေရစ်​ခဲ့​၏။ တရောဖိမ်​ကို​မူကား နာမကျန်း​ဖြစ်​နေ​သဖြင့် မိလက်​မြို့​တွင် ငါ​ထားခဲ့​၏။ 21ဆောင်း​ကာလ​မတိုင်မီ​လာ​နိုင်​ရန် ကြိုးစား​လော့။ ဥဗုလု၊ ပုဒေ၊ လိနု​နှင့် ကလောဒိ​တို့​မှစ၍ ညီအစ်ကို​အပေါင်း​တို့​သည် သင့်​ကို​နှုတ်ဆက်​ကြ​၏။ 22သခင်​ဘုရား​သည် သင်​၏​စိတ်​ဝိညာဉ်​နှင့်အတူ​ရှိ​ပါစေသော။ ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။

လက်ရှိရွေးချယ်ထားမှု

တိမောသေဩဝါဒစာဒုတိယစောင် 4: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။