YouVersion လိုဂို
ရှာရန် အိုင်ကွန်

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3:6-18

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3:6-18 MSBU

ညီအစ်ကို​တို့၊ ငါ​တို့​ထံမှ​ခံယူ​ရရှိ​သည့်​ဓလေ့​ထုံးတမ်း​နှင့်အညီ မ​လိုက်လျှောက်​ဘဲ စည်းမဲ့ကမ်းမဲ့ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သော ညီအစ်ကို​အားလုံး​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နာမ​တော်​အားဖြင့် သင်​တို့​ကို ငါ​တို့​ညွှန်ကြား​ကြ​၏။ အကြောင်းမူကား ငါ​တို့​ကို မည်ကဲ့သို့​အတုယူ​ရ​မည်​ကို သင်​တို့​ကိုယ်တိုင်​သိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​အလယ်၌ စည်းမဲ့​ကမ်းမဲ့​နေ​ကြ​သည်​မ​ဟုတ်။ မည်သူ​၏​အစားအစာ​ကို​မျှ အလကား​မ​စား​ဘဲ သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် ကြိုးပမ်း​အားထုတ်​လျက် ပင်ပန်း​ခက်ခဲ​စွာ​ဖြင့် နေ့​ရော​ည​ပါ​အလုပ်​လုပ်​ကြ​၏။ ထိုသို့​ပြု​ခြင်းမှာ ငါ​တို့​၌ အခွင့်​မ​ရှိ​သောကြောင့်​မ​ဟုတ်။ ငါ​တို့​ကို​အတုယူ​နိုင်​ရန် ငါ​တို့​ကိုယ်တိုင် သင်​တို့​အား စံနမူနာ​ပြ​လို​သောကြောင့်​သာ​ဖြစ်​၏။ အကြောင်းမူကား သင်​တို့​နှင့်အတူ ငါ​တို့​ရှိ​စဉ်​က မည်သူမဆို အလုပ်​မ​လုပ်​လို​လျှင် အစာ​ကို​လည်း​မ​စား​စေ​နှင့်​ဟု ညွှန်ကြား​ထား​၏။ သို့သော် သင်​တို့​ထဲတွင် အချို့​တို့​သည် စည်းမဲ့ကမ်းမဲ့​အသက်ရှင်​လျှောက်လှမ်း​၍ အလုပ်​မ​လုပ်​ဘဲ သူတစ်ပါး​ကိစ္စ​၌ ဝင်ရောက်​စွက်ဖက်​နေ​ကြောင်း ငါ​တို့​ကြား​ရ​ကြ​၏။ ထိုသို့သော​သူ​တို့​သည် ကိုယ့်​ထမင်း​ကိုယ်​စား​နိုင်​ရန်​အတွက် အေးဆေး​တည်ငြိမ်​စွာ​အလုပ်​လုပ်​ကြ​ရန် သခင်​ယေရှု​ခရစ်တော်​၌ ငါ​တို့​ညွှန်ကြား​လျက် တိုက်တွန်း​နှိုးဆော်​ကြ​ပါ​၏။ ညီအစ်ကို​တို့၊ သင်​တို့​သည် ကောင်း​သော​အမှု​ကို​ပြု​ရာ​၌ စိတ်ပျက်​အားလျော့​ခြင်း​မ​ရှိ​ကြ​နှင့်။ တစ်စုံတစ်ယောက်​သည် ဤ​စာ​အားဖြင့် ငါ​တို့​မှာကြား​သော​စကား​ကို​နားမထောင်​လျှင် ထို​သူ​အား အရှက်ရ​စေရန် သူ့​ကို​မှတ်ထား​လျက် သူ​နှင့်​အပေါင်းအဖော်​မ​ပြု​ကြ​နှင့်။ သို့သော် သူ့​ကို ရန်သူ​ကဲ့သို့​မ​မှတ်ယူ​ဘဲ ညီအစ်ကို​ကဲ့သို့ သတိပေး​ဆုံးမ​ကြ​လော့။ ငြိမ်သက်​ခြင်း​၏​သခင်​ကိုယ်တော်​တိုင်​သည် မည်သည့်​အခြေအနေ​၌​မဆို သင်​တို့​အား ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ပေး​တော်မူ​ပါစေသော။ သခင်​ဘုရား​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤသည်ကား ငါ့​စာ​အားလုံး​တွင်​ပါ​သည့်​အမှတ်​လက္ခဏာ​ဖြစ်​၏။ ငါ​သည် ဤသို့​ရေး​လေ့​ရှိ​၏။ ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။