YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 7

7
ဒါဝိဒ်မင်းကြီးနှင့်ပြုသော ထာဝရဘုရား၏ပဋိညာဉ်
1ရှင်ဘုရင်​သည် နန်းတော်​၌ အေးချမ်း​စွာ​စံမြန်း​နေ​ရ​၍ ထာဝရဘုရား​သည် သူ့​အား ပတ်ပတ်လည်​ရှိ ရန်သူ​အပေါင်း​တို့​၏​ဘေးရန်​မှ ကင်းငြိမ်း​စေ​သောအခါ 2ရှင်ဘုရင်​က ပရောဖက်​နာသန်​အား “​ကြည့်​ပါ​။ ငါ​သည် သစ်ကတိုးသား​ဖြင့်​ဆောက်လုပ်​ထား​သော​နန်းတော်​တွင် နေ​ရ​၏​။ ဘုရားသခင်​၏​သေတ္တာ​တော်​မူကား ရွက်ထည်​တဲ​ဖြင့်​သာ စံနေ​ရ​ပါ​သည်​တကား​”​ဟု မိန့်ဆို​လျှင်
3နာသန်​က​လည်း ရှင်ဘုရင်​အား “​ထာဝရဘုရား​သည် အရှင်​နှင့်အတူ ရှိ​နေ​တော်မူ​သည်​ဖြစ်၍ အရှင့်​စိတ်​အလိုရှိ​သည်​အတိုင်း သွား​၍​ပြု​ပါ​”​ဟု ပြန်လျှောက်​၏​။
4ထို​ည​တွင် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် နာသန်​ထံသို့​ရောက်လာ​၍ 5“​ငါ့​အစေအပါး​ဒါဝိဒ်​ထံ​သွား​၍ ဆင့်ဆို​လော့​။ ထာဝရဘုရား​က ‘​သင်​သည် ငါ​စံမြန်း​တော်မူ​ရာ​အဖို့ အိမ်​တော်​ကို တည်ဆောက်​မည်လော​။ 6အစ္စရေး​အမျိုးသား​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​သည့်​နေ့​မှစ၍ ယနေ့​တိုင်အောင် ငါ​သည် အိမ်​တော်​နှင့် မ​စံမြန်း​၊ တဲ​တော်​နှင့်​သာ​စံမြန်း​လှည့်လည်​ခဲ့​ပြီ​။ 7အစ္စရေး​အမျိုးသား​အပေါင်း​တို့​နှင့် လှည့်လည်​သွားလာ​လေရာရာ​၌ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို​အုပ်ထိန်း​ရန် ငါ​ခန့်အပ်​ထား​သော​အစ္စရေး​အမျိုးအနွယ်​တစ်ဦးဦး​အား အဘယ်ကြောင့် ငါ့​အဖို့ သစ်ကတိုးသား​အိမ် မ​ဆောက်ပေး​သနည်း​’​ဟု ငါ​တစ်ခွန်း​မျှ​မိန့်ဆို​ဖူး​သလော​။
8ယခု ငါ့​အစေအပါး​ဒါဝိဒ်​အား ‘ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ငါ​သည် သင့်​ကို သိုးထိန်းကျောင်း​ရာ​စားကျက်မြေ​မှ ခေါ်ယူ​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​ကို အုပ်ချုပ်သူမင်း​အဖြစ် ခန့်ထား​ပြီ​။ 9သင်​သွား​လေရာရာ​၌ သင်​နှင့်အတူ ငါ​ပါရှိ​ပြီး သင့်​ရန်သူ​အပေါင်း​တို့​ကို သင့်​ရှေ့​မှ ငါ​ဖယ်ရှား​ပေး​ခဲ့​ပြီ​။ ကမ္ဘာ​ပေါ်တွင် နာမည်ကြီး​ကျော်ကြားသူ​ကဲ့သို့ သင့်​ကို နာမည်ကြီး​ကျော်ကြား​စေ​မည်​။ 10ငါ့​လူမျိုး​တော်​အစ္စရေး​တို့​အဖို့ နေထိုင်စရာ​ကို ငါ​ပြင်ဆင်​ပေး​မည်​။ သူ​တို့​နေရာ​၌ သူ​တို့​ကို အတည်တကျ​နေထိုင်​စေ​မည်​။ နောက်တစ်ဖန် အနှောင့်အယှက်​ခံရ​တော့​မည်​မ​ဟုတ်​။ ရှေးယခင်​က​ကဲ့သို့ မတရား​သော​သူ​တို့​၏​နှိပ်စက်​ခြင်း​ကို ခံရ​တော့​မည်​မ​ဟုတ်​။ 11စီရင်အုပ်ချုပ်​သူ​တို့​ကို ခန့်ထား​ပြီး ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်​စေ​သော​အချိန်​က​ကဲ့သို့​လည်း ခံရ​တော့​မည်​မ​ဟုတ်​။ ရန်​အပေါင်း​ကို ကင်းငြိမ်း​စေ​မည်​။ သင့်​အမျိုးအနွယ်​ကို​လည်း တည်​စေ​မည်​။ 12သင်​သည် သက်တမ်းစေ့​နေ​ပြီးမှ ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သောအခါ သင့်​ရင်သွေး​ဖြစ်​သော သင့်​သားဦး​တစ်​ဦး​ကို ငါ​ချီးမြှောက်​မည်​။ သူ့​နိုင်ငံ​ကို​လည်း ငါ​တည်မြဲ​စေ​မည်​။ 13ငါ့​နာမ​တော်​အဖို့ အိမ်​တော်​ကို သူ​တည်ဆောက်​ရ​လိမ့်မည်​။ သူ့​နိုင်ငံ​၏​ရာဇပလ္လင်​ကို ငါ​အစဉ်​တည်မြဲ​စေ​မည်​။ 14ငါ​သည် သူ​၏​အဖ​ဖြစ်​မည်​။ သူ​သည်​လည်း ငါ့​သား​ဖြစ်​မည်​။ သူ​အမှားပြု​မိ​လျှင် သူ့​ကို လူ​သုံး​ကြိမ်လုံး​နှင့် ဆုံးမ​မည်​။ လူ​တို့ ရိုက်​တတ်​သကဲ့သို့ သူ့​ကို ရိုက်​မည်​။ 15သို့သော် ငါ့​မေတ္တာကရုဏာ​ကို သင့်​ရှေ့​မှ​ငါ​ဖယ်ရှား​လိုက်​သော​ရှောလု​ထံမှ ရုပ်သိမ်း​သကဲ့သို့ သူ့​ထံမှ ငါ​ရုပ်သိမ်း​မည်​မ​ဟုတ်​။ 16သင့်​အမျိုးအနွယ်​နှင့် သင့်​နိုင်ငံ​သည် သင့်​ရှေ့​မှာ အစဉ်အမြဲ​တည်မြဲ​လိမ့်မည်​။ သင်​၏​ရာဇပလ္လင်​သည်​လည်း အစဉ်အမြဲ​တည်​လိမ့်မည်​ဟု မိန့်​တော်မူ​သည်’​ဟူ၍ ဆင့်ဆို​လော့​”​ဟု မိန့်ဆို​၏​။ 17နာသန်​သည်​လည်း စကား​တော်​အလုံးစုံ​၊ ဗျာဒိတ်နိမိတ်​အလုံးစုံ​တို့​ကို ဒါဝိဒ်​မင်းကြီး​အား ဆင့်ဆို​လေ​၏​။
ဒါဝိဒ်မင်းကြီး ကျေးဇူးတော်ချီးမွမ်းခြင်း
18ထိုအခါ ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​သို့​တိုးဝင်​၍ ထိုင်​ပြီးလျှင် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤမျှလောက် ချီးမြှောက်​တော်မူ​မည့်​အကြောင်း အကျွန်ုပ်​ကား မည်သူ​ဖြစ်​၍ အကျွန်ုပ်​အမျိုးအနွယ်​သည်​လည်း မည်သို့သော​အမျိုးအနွယ်​ဖြစ်​ပါ​သနည်း​။ 19အို ဘုရားရှင်​ထာဝရဘုရား​၊ ဤ​အရာ​သည် ကိုယ်တော့်​အဖို့ အသေးအဖွဲ​သာ​ဖြစ်​ပါ​၏​။ ကိုယ်တော့်​အစေအပါး​၏​အနာဂတ်​မျိုးဆက်​နှင့်​ပတ်သက်၍​လည်း ကိုယ်တော်​မိန့်​တော်မူ​လေ​ပြီ​။ အို ဘုရားရှင်​ထာဝရဘုရား​၊ လူသား​တို့​သည် ထိုသို့ ပြုလေ့ပြုထ​ရှိ​ပါ​သလော​။ 20အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​အကြောင်း​ကို ကိုယ်တော်​သိ​ပါ​၏​။ အကျွန်ုပ်​ဒါဝိဒ်​သည် ကိုယ်တော်​အား မည်သို့​ထပ်မံ​လျှောက်​ဝံ့​ပါ​ဦး​မည်နည်း​။ 21ကိုယ်တော်​သည် ကိုယ်တော့်​နှုတ်​တော်​ထွက်​စကား​ကို​ထောက်၍ ကိုယ်တော်​၏​အလို​တော်​အတိုင်း​ပြု​တော်မူ​သော ဤ​ကြီးမြတ်​သော​အမှု​အလုံးစုံ​တို့​ကို ကိုယ်တော့်​အစေအပါး​အား သိ​စေ​တော်မူ​ပါ​ပြီ​။
22သို့ဖြစ်၍ အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြီးမြတ်​တော်မူ​ပါ​၏​။ အကျွန်ုပ်​တို့​ကြားသိဖူး​သမျှ​တို့​တွင် ကိုယ်တော်​နှင့်​တူ​သော​ဘုရား​မ​ရှိ​။ ကိုယ်တော်​မှတစ်ပါး အခြား​သော​ဘုရား မ​ရှိ​ပါ​။ 23မြေကြီး​ပေါ်တွင် ဘုရားသခင်​၏​လူမျိုး​တော်​အစ္စရေး​နှင့်​တူ​သော​လူမျိုး တစ်​မျိုးမျိုး​ရှိ​ပါ​သလော​။ ဘုရားသခင်​သည် မိမိ​လူမျိုး​တော်​အဖြစ် သူ​တို့​ကို ရွေးနုတ်​တော်မူ​ခဲ့​ပါ​ပြီ​။ အီဂျစ်​ပြည်​၊ လူမျိုးခြား​တို့​နှင့် သူ​တို့​၏​ဘုရား​များ​ထံမှ ရွေးနုတ်​တော်မူ​ခဲ့​သော​လူမျိုး​တော်​၏​ရှေ့မှောက်​မှာ​ပင် ပြည်​တော်​အဖို့ ကြီးမြတ်​၍​အံ့ဖွယ်​သော​အမှု​များ​ပြု​ခြင်း​ဖြင့် နာမ​တော်​ကို ထင်ရှား​စေ​ခဲ့​ပါ​ပြီ​။ 24ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​ကို ကိုယ်တော့်​အဖို့ ထာဝရ​ပိုင်ဆိုင်​ရာ​လူမျိုး​တော်​အဖြစ် တည်​စေ​တော်မူ​ပါ​ပြီ​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် သူ​တို့​၏​ဘုရားသခင် ဖြစ်​တော်မူ​ပါ​ပြီ​။
25အို ဘုရားသခင်​ထာဝရဘုရား​၊ ယခုမှာ ကိုယ်တော့်​အစေအပါး​အတွက်​၊ ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​အတွက် ကိုယ်တော်​ထား​တော်မူ​သော​ကတိ​တော်​ကို အစဉ်​တည်​စေ​တော်မူ​ပါ​။ ကတိ​တော်​အတိုင်း​လည်း ပြု​ပေး​တော်မူ​ပါ​။ 26‘​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​ကို အုပ်စိုး​သော​ဘုရားသခင်​ဖြစ်​တော်မူ​၏​’​ဟု ဆို​လျက် ကိုယ်တော်​၏​နာမ​တော်​ကို အစဉ်​ချီးမြှောက်​ကြ​ပါစေသော​။ ကိုယ်တော့်​အစေအပါး ဒါဝိဒ်​၏​မင်းမျိုးမင်းနွယ်​သည်​လည်း ရှေ့​တော်​၌ တည်မြဲ​ပါစေသော​။ 27သို့ဖြစ်၍ အို အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​အစေအပါး​အား ‘​သင့်​အမျိုးအနွယ်​ကို ငါ​တည်​စေ​မည်​’​ဟု ကြားသိ​စေ​ပါ​ပြီ​။ ထို့ကြောင့် ကိုယ်တော့်​အစေအပါး​သည် ဤသို့​ဆုတောင်း​ဝံ့​ခြင်း​ဖြစ်​ပါ​၏​။ 28အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ဘုရားသခင်​ဖြစ်​တော်မူ​ပါ​၏​။ ကိုယ်တော်​၏​စကား​တော်​သည်​လည်း သမ္မာတရား​ဖြစ်​ပါ​၏​။ ဤ​ကောင်းကျိုးချမ်းသာ​ကို ကိုယ်တော့်​အစေအပါး​အား ပေးသနား​မည်​ဟု ကတိထား​တော်မူ​ပါ​ပြီ​။ 29ယခု ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် ရှေ့​တော်​တွင် အစဉ်အမြဲ​တည်​နေ​စေရန် အလို​တော်​အတိုင်း ကောင်းချီးပေး​တော်မူ​ပါ​။ ဘုရားရှင်​ထာဝရဘုရား​ကိုယ်တော်တိုင် မိန့်​တော်မူ​ပြီ​ဖြစ်၍ ကိုယ်တော်​ပေး​တော်မူ​သော​ကောင်းချီး​အားဖြင့် ကိုယ်တော့်​အစေအပါး​၏​အမျိုးအနွယ်​သည် အစဉ်အမြဲ​ကောင်းချီးခံစား​ရ​ပါစေသော​”​ဟု တောင်းလျှောက်​လေ​၏​။

လက်ရှိရွေးချယ်ထားမှု

ဓမ္မရာဇဝင်ဒုတိယစောင် 7: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ