YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 22:21-33

ဓမ္မရာဇဝင်ဒုတိယစောင် 22:21-33 MSBU

ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ ငါ့​ကို ကျေးဇူးပြု​တော်မူ​၏​။ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို ချီးမြှောက်​တော်မူ​၏​။ အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ငါ​၏​ဘုရားသခင်​ကို​ဆန့်ကျင်​ပြီး ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။ အကယ်စင်စစ် ကိုယ်တော်​၏​စီရင်ထုံးဖွဲ့ချက်​ရှိသမျှ​တို့​ကို ငါ​မျက်မှောက်ပြု​ပါ​၏​။ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​မှ ငါ​လွှဲရှောင်​မ​သွား​ပါ​။ ငါ​သည် ကိုယ်တော်​၏​ရှေ့​တော်​၌ အပြစ်တင်စရာမရှိ​အောင်​နေ​၍ ကိုယ့်​ဒုစရိုက်​ကို ကိုယ်​ရှောင်ကြဉ်​ပါ​၏​။ ထို့ကြောင့် ထာဝရဘုရား​သည် ငါ​ဖြောင့်မတ်​သည်​နှင့်အညီ​၊ ကိုယ်တော်​၏​မျက်မှောက်​တော်​၌ ငါ့​လက်​သန့်ရှင်း​သည်​နှင့်အညီ ငါ့​ကို​ချီးမြှောက်​တော်မူ​၏​။ ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ သန့်ရှင်း​သော​သူ​အား မိမိ​သန့်ရှင်း​ကြောင်း​ကို ပြ​တော်မူ​၏​။ ကောက်ကျစ်​သော​သူ​အား မိမိ​ဉာဏ်များ​ကြောင်း​ကို ပြ​တော်မူ​၏​။ ကိုယ်တော်​သည် အဖိနှိပ်​ခံရ​သော​လူမျိုး​ကို ကယ်တင်​တော်မူ​၏​။ ထောင်လွှား​သော​သူ​တို့​ကို​ကား နှိမ့်ချ​ဖို့ စောင့်ကြည့်​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​မီးခွက်​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် အကျွန်ုပ်​၏​မှောင်မိုက်​ကို လင်း​စေ​တော်မူ​၏​။ အကယ်စင်စစ် အကျွန်ုပ်​သည် ကိုယ်တော်​အားဖြင့် တပ်​တစ်တပ်လုံး​ကို ဝင်ရောက်စီးနင်း​နိုင်​ပါ​၏​။ အကျွန်ုပ်​၏​ဘုရားသခင်​အားဖြင့် တံတိုင်း​ကို​လည်း ကျော်​နိုင်​ပါ​၏​။ ဘုရားသခင်​၏​လမ်း​သည် ပြည့်ဝစုံလင်​၏​။ ထာဝရဘုရား​၏​မိန့်​တော်မူ​ချက်​သည် ခိုင်လုံ​မှန်ကန်​၏​။ ကိုယ်တော်​သည် အထံ​တော်​၌​ခိုလှုံ​သော​သူ​ရှိသမျှ​တို့​၏​ဒိုင်းလွှား​ဖြစ်​တော်မူ​၏​။ အကြောင်းမူကား ထာဝရဘုရား​မှတစ်ပါး မည်သူ​သည် ဘုရားသခင်​ဖြစ်​သနည်း​။ ငါ​တို့​၏​ဘုရားသခင်​မှတစ်ပါး မည်သူ​သည် ကျောက်ဆောင်​ဖြစ်​သနည်း​။ ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်၍ ငါ​၏​လမ်း​ကို ချောမွေ့​စေ​တော်မူ​၏​။