YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 13:6-20

ဓမ္မရာဇဝင်ဒုတိယစောင် 13:6-20 MSBU

ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က​လည်း တာမာ​ရှိ​ရာ​နန်းဆောင်​သို့​လူ​လွှတ်​၍ “​ယခု သင့်​အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​ပြီး သူ့​အတွက် စားစရာ​ကို​ပြင်ဆင်​ပေး​ပါ​”​ဟု မှာလိုက်​၏​။ ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။ ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။ ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင့်​လက်​နှင့် ခွံ့ကျွေး​ပါ​”ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။ အာမနုန်​စား​ဖို့ မုန့်​ကို​ကမ်းပေး​လိုက်​သောအခါ အာမနုန်​က သူ့​ကို​ဖမ်းဆွဲ​ပြီး “​ငါ့​နှမ လာ​ပါ​။ ငါ​နှင့်အတူ အိပ်​ပါ​”​ဟု ဆို​၏​။ တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။ ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း နှမ​စကား​ကို နား​မ​ထောင်​ဘဲ နှမ​ထက်​အားကြီး​သောကြောင့် သူ့​ကို အဓမ္မပြုကျင့်​ကာ အတူ​အိပ်​လေ​၏​။ ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်း ကြီး ​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။ တာမာ​က​လည်း “​မ​နှင်ထုတ်​ပါ​နှင့်​။ အကျွန်ုပ်​ကို​နှင်ထုတ်​ခြင်း​သည် အကျွန်ုပ်​ကို အဓမ္မပြုကျင့်​သည်​ထက် သာ၍​ဆိုး​ပါ​၏​”​ဟု ဆို​သော်လည်း သူ​သည် နား​မ​ထောင်​။ သူ့​ထံ၌​ခစား​သော​ငယ်သား​တစ်​ယောက်​ကို​ခေါ်​၍ “​ဤ​မိန်းမ​ကို ငါ့​ထံမှ အပြင်​သို့​နှင်ထုတ်​ပြီး တံခါး​ကို​ပိတ်​ထား​လော့​”​ဟု ဆို​၏​။ ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။ တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။ သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။