YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဓမ္မရာဇဝင်ဒုတိယစောင် 13:1-36

ဓမ္မရာဇဝင်ဒုတိယစောင် 13:1-36 MSBU

ဒါဝိဒ်​မင်းကြီး​၏​သား​အဗရှလုံ​တွင် တာမာ​အမည်​ရှိ​သော​၊ အဆင်းလှ​သော​နှမ​တစ်​ဦး​ရှိ​၏​။ ဒါဝိဒ်​မင်းကြီး​၏​သား​အာမနုန်​သည် တာမာ​ကို​ချစ်​၏​။ ထိုသို့ အာမနုန်​သည် နှမ​တာမာ​ကို ချစ်​သော​စိတ်​ဖြင့် စိတ်ဖိစီး​ကာ​ဖျား​လေ​၏​။ နှမ​တော်​သည် အပျိုစင်​ဖြစ်​သောကြောင့် သူ့​အား မည်သို့​ရယူ​ရ​မည်​ကို အာမနုန်​တွေး​မ​ရ​ဘဲ အခက်တွေ့​နေ​၏​။ အာမနုန်​တွင် ယောနဒပ်​အမည်​ရှိ​သော မိတ်ဆွေ​တစ်​ဦး ရှိ​၏​။ ယောနဒပ်​သည် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ဖြစ်ပြီး အလွန်​ဉာဏ်များ​သူ​ဖြစ်​၏​။ သူ​က အာမနုန်​အား “​အို ဘုရင့်​သား​တော်​၊ အဘယ်ကြောင့် တစ်နေ့​ထက်​တစ်နေ့ ပိန်​လာ​သနည်း​။ အကျွန်ုပ်​အား ပြောပြ​၍​မ​ရ​သလော​”​ဟု ဆို​လျှင် အာမနုန်​က “​ငါ့​ညီ အဗရှလုံ​၏​နှမ တာမာ​ကို ငါ​ချစ်​မိ​နေ​ပါ​ပြီ​”​ဟု ပြန်ပြော​၏​။ ထိုအခါ ယောနဒပ်​က သူ့​အား “​သင်​နေမကောင်း​ယောင်ဆောင်​ပြီး အိပ်ရာ​ထဲ​လှဲ​နေ​လိုက်​ပါ​။ သင့်​ခမည်းတော် သင့်​ကို​လာကြည့်​လျှင် ‘​အကျွန်ုပ်​ကို ပြုစုကျွေးမွေး​ဖို့ အကျွန်ုပ်​၏​နှမ​တာမာ​ကို လွှတ်ပေး​ပါ​။ အကျွန်ုပ်​ရှေ့​တွင် အစားအစာ​ပြင်ဆင်​ပေး​သည်​ကို ကြည့်​ပြီး သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို စား​လို​ပါ​၏’​ဟူ၍ လျှောက်​လော့”​ဟု အကြံပေး​လေ​၏​။ ထို့ကြောင့် အာမနုန်​သည် နေမကောင်း​ယောင်ဆောင်​ပြီး လှဲ​နေ​လေ​၏​။ ရှင်ဘုရင်​လာကြည့်​သောအခါ အာမနုန်​က ရှင်ဘုရင်​အား “​အကျွန်ုပ်​၏​နှမ တာမာ​ကို လွှတ်ပေး​ပြီး အကျွန်ုပ်​ရှေ့​တွင် မုန့်​နှစ်​ပြား​ကို​လုပ်ပေး​စေ​ပါ​။ သူ့​လက်​နှင့် ခွံ့ကျွေး​သည်​ကို အကျွန်ုပ်​စား​လို​ပါ​၏​”​ဟု လျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က​လည်း တာမာ​ရှိ​ရာ​နန်းဆောင်​သို့​လူ​လွှတ်​၍ “​ယခု သင့်​အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​ပြီး သူ့​အတွက် စားစရာ​ကို​ပြင်ဆင်​ပေး​ပါ​”​ဟု မှာလိုက်​၏​။ ထို့ကြောင့် တာမာ​သည် အစ်ကို​အာမနုန်​ရှိ​ရာ​နန်းဆောင်​သို့​သွား​၍ လဲလျောင်း​နေ​သော အာမနုန်​ရှေ့​တွင် မုန့်ညက်​ကို​ယူ​၍ နယ်​ပြီးလျှင် မုန့်​ကို​ဖုတ်​လေ​၏​။ ဒယ်အိုး​ထဲမှ​မုန့်​ကို​ယူ​၍ အာမနုန်​ရှေ့​၌ ချပေး​သော်လည်း သူ​သည်​မစား​ဘဲ “​လူ​အားလုံး ငါ့​ထံမှ​ထွက်သွား​ကြ​”​ဟု ဆို​သဖြင့် လူ​အားလုံး သူ့​ထံမှ​ထွက်သွား​ကြ​၏​။ ထိုအခါ အာမနုန်​က တာမာ​အား “​မုန့်​ကို အိပ်ခန်း​ထဲ​ယူလာ​ပြီး ငါ့​ကို သင့်​လက်​နှင့် ခွံ့ကျွေး​ပါ​”ဟု ဆို​သဖြင့် တာမာ​သည် မိမိ​ပြင်ဆင်​ထား​သော​မုန့်​တို့​ကို​ယူ​၍ အစ်ကို​အာမနုန်​အိပ်ခန်း​ထဲသို့ ဆောင်သွား​၏​။ အာမနုန်​စား​ဖို့ မုန့်​ကို​ကမ်းပေး​လိုက်​သောအခါ အာမနုန်​က သူ့​ကို​ဖမ်းဆွဲ​ပြီး “​ငါ့​နှမ လာ​ပါ​။ ငါ​နှင့်အတူ အိပ်​ပါ​”​ဟု ဆို​၏​။ တာမာ​က​လည်း သူ့​အား “​မ​လုပ်​ပါ​နှင့် အစ်ကို​။ အကျွန်ုပ်​ကို အဓမ္မ​မ​ပြု​ပါ​နှင့်​။ အစ္စရေး​လူမျိုး​တွင် ဤသို့​ပြု​လေ့​မ​ရှိ​။ ဤသို့ ယုတ်ညံ့​သော​အမှု​ကို မ​ပြု​ပါ​နှင့်​။ ဤသို့​ပြု​လျှင် အကျွန်ုပ်​ဘယ်သွားသွား ကဲ့ရဲ့​ခံရ​ပါ​လိမ့်မည်​။ သင်​သည်​လည်း အစ္စရေး​လူမျိုး​တွင် မိုက်မဲ​သော​သူ​တစ်​ဦး ဖြစ်​ရ​ပါ​လိမ့်မည်​။ ထို့ကြောင့် ရှင်ဘုရင်​ကို လျှောက်တင်​ပါ​လော့​။ သင်​နှင့်​အကျွန်ုပ်​ကို သဘော​မ​တူ​ဘဲ​မ​နေ​ပါ​”​ဟု ဆို​သော်လည်း နှမ​စကား​ကို နား​မ​ထောင်​ဘဲ နှမ​ထက်​အားကြီး​သောကြောင့် သူ့​ကို အဓမ္မပြုကျင့်​ကာ အတူ​အိပ်​လေ​၏​။ ထို့နောက် အာမနုန်​သည် သူ့​ကို အမုန်း ကြီး ​မုန်း​သွား​ပြန်​၏​။ ယခင်​ချစ်​သော​စိတ်​ထက် မုန်း​သော​စိတ်​ပို၍​ကြီး​သဖြင့် အာမနုန်​က သူ့​အား “​ထ​လော့​၊ ထွက်သွား​လော့​”​ဟု ဆို​၏​။ တာမာ​က​လည်း “​မ​နှင်ထုတ်​ပါ​နှင့်​။ အကျွန်ုပ်​ကို​နှင်ထုတ်​ခြင်း​သည် အကျွန်ုပ်​ကို အဓမ္မပြုကျင့်​သည်​ထက် သာ၍​ဆိုး​ပါ​၏​”​ဟု ဆို​သော်လည်း သူ​သည် နား​မ​ထောင်​။ သူ့​ထံ၌​ခစား​သော​ငယ်သား​တစ်​ယောက်​ကို​ခေါ်​၍ “​ဤ​မိန်းမ​ကို ငါ့​ထံမှ အပြင်​သို့​နှင်ထုတ်​ပြီး တံခါး​ကို​ပိတ်​ထား​လော့​”​ဟု ဆို​၏​။ ထို​ငယ်သား​သည်​လည်း ဘုရင့်​သမီး​တော်​အပျိုစင်​တို့ ဝတ်ဆင်​ရ​လေ့​ရှိ​သော​ရောင်စုံသင်တိုင်း​ကို ဝတ်ဆင်​ထား​သော​တာမာ​အား နှင်ထုတ်​ပြီးလျှင် တံခါး​ကို​ပိတ်​ထား​လိုက်​လေ​၏​။ တာမာ​သည် ခေါင်း​ပေါ်မှာ​ပြာ​ကို​တင်​လျက် မိမိ​ဝတ်​ထား​သော​ရောင်စုံသင်တိုင်း​ကို ဆွဲဆုတ်​ပစ်​လေ​၏​။ ထို့နောက် ခေါင်း​ပေါ်မှာ​လက်​ကို​တင်​ကာ အော်ဟစ်​ငိုကြွေး​လျက် ပြန်သွား​လေ​၏​။ သူ့​အစ်ကို အဗရှလုံ​က သူ့​အား “​သင့်​အစ်ကို အာမနုန်​က သင့်​ကို​အဓမ္မပြု​လိုက်​ပြီ​လော​။ ငါ့​နှမ​၊ ယခု ဆိတ်ဆိတ်​နေ​လော့​။ သူ​သည် သင့်​အစ်ကို ဖြစ်​သည့်​အတွက် ဤ​ကိစ္စ​ကို သင့်​စိတ်​ထဲ​မ​ထား​ပါ​နှင့်​”​ဟု နှစ်သိမ့်​၏​။ တာမာ​က​လည်း သူ့​အစ်ကို အဗရှလုံ​၏​နန်းဆောင်​တွင် ဆိတ်ဆိတ်​နေ​လေ​၏​။ ဒါဝိဒ်​မင်းကြီး​သည် ဤ​သတင်း​အလုံးစုံ​ကို ကြားသိ​လျှင် အလွန်​အမျက်ထွက်​လေ​၏​။ အဗရှလုံ​သည် မိမိ​နှမ​တာမာ​အား အာမနုန်​အဓမ္မပြု​လိုက်​သဖြင့် အာမနုန်​ကို​မုန်းတီး​၏​။ သို့သော် သူ့​အား ကောင်း​သည်​၊ ဆိုး​သည် မည်သည့်​စကား​တစ်ခွန်း​ကို​မျှ​မ​ပြော​ဘဲ​နေ​၏​။ အချိန်​နှစ်​နှစ်​ခန့်​ကြာ​သော် အဗရှလုံ​သည် ဧဖရိမ်​ပြည်​အနီး ဗာလဟာဇော်​အရပ်​၌ သိုးမွေးညှပ်သမား​တို့​နှင့်အတူ​ရှိ​နေစဉ် ဘုရင့်​သား​တော်​အပေါင်း​တို့​ကို ဖိတ်ခေါ်​၏​။ ထို့ပြင် အဗရှလုံ​သည် ရှင်ဘုရင်​ထံသို့​ဝင်​၍ “​အရှင့်​သား​ကျွန်တော်မျိုး သိုးမွေးညှပ်ပွဲ​ကျင်းပ​နေ​ပါ​သည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​နှင့် မင်းမှုထမ်း​တို့ ကျွန်တော်မျိုး​နှင့်အတူ ကြွ​တော်မူ​ပါ​”​ဟု လျှောက်​၏​။ ထိုအခါ ရှင်ဘုရင်​က အဗရှလုံ​အား “​ငါ့​သား​၊ ငါ​တို့​အကုန် မ​သွား​သင့်​ပါ​။ သင့်​အတွက် ဝန်ထုပ်ဝန်ပိုး​ဖြစ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။ အဗရှလုံ မရမက​ခေါ်​သော်လည်း ရှင်ဘုရင်​သည် မ​သွား​လို​၊ ကောင်းချီး​သာ​ပေး​လိုက်​၏​။ အဗရှလုံ​က​လည်း “​ထိုသို့​ဖြစ်​လျှင် အကျွန်ုပ်​၏​အစ်ကို အာမနုန်​ကို အကျွန်ုပ်​တို့​နှင့်အတူ သွားခွင့်​ပေး​ပါ​”​ဟု ဆို​လျှင် ရှင်ဘုရင်​က “​အဘယ်ကြောင့် သူ့​ကို သွား​စေ​လို​သနည်း​”​ဟု မေး​၏​။ သို့သော် အဗရှလုံ​က မရမက​တောင်းဆို​သဖြင့် ရှင်ဘုရင်​သည် အာမနုန်​နှင့်တကွ ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို​သွား​စေ​လေ​၏​။ ထိုအခါ အဗရှလုံ​က သူ့​ငယ်သား​တို့​အား “​သင်​တို့ စောင့်ကြည့်​ပါ​။ စပျစ်ဝိုင်​ကြောင့် အာမနုန် စိတ်မြူး​လာ​သောအခါ ငါ​က ‘​အာမနုန်​ကို သတ်​လိုက်​ပါ​’​ဟု ဆို​လျှင် သူ့​ကို​သတ်​လိုက်​ပါ​။ ငါ​အမိန့်ပေး​သည်​မ​ဟုတ်​လော​။ သင်​တို့​မ​ကြောက်​ကြ​နှင့်​။ အားယူ​ပြီး သတ္တိ​ရှိ​ကြ​ပါ​”​ဟု မှာထား​၏​။ ဤသို့ဖြင့် အဗရှလုံ​၏​ငယ်သား​တို့​သည် အဗရှလုံ​မှာထား​သည့်​အတိုင်း အာမနုန်​ကို ပြု​လေ​၏​။ ထိုအခါ ရှင်ဘုရင်​၏​သား​တော်​အပေါင်း​တို့​သည် ထ​၍ ကိုယ့်​လား​ကိုယ်​စီး​ပြီး ထွက်ပြေး​ကြ​လေ​၏​။ သူ​တို့​လမ်း​၌​ရှိ​နေ​သေး​စဉ် “​အဗရှလုံ​သည် ရှင်ဘုရင်​၏​သား​တော်​အားလုံး​ကို သုတ်သင်​ပစ်​လေ​ပြီ​။ တစ်​ယောက်​မျှ မ​ကျန်​ပါ​”​ဟု ဒါဝိဒ်​မင်းကြီး​ထံ သတင်း​ရောက်လာ​၏​။ ရှင်ဘုရင်​သည် ထ​၍ မိမိ​အဝတ်​ကို​ဆုတ်​လျက် မြေ​ပေါ်မှာ​လှဲ​လေ​၏​။ သူ့​ထံ​ခစား​သော မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ကိုယ့်​အဝတ်​ကိုယ်​ဆုတ်ပစ်​ကြ​လေ​၏​။ ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ရှိမာ​၏​သား ယောနဒပ်​က “​အကျွန်ုပ်​၏​သခင်​၊ ရှင်ဘုရင်​၏​သား​တော် မင်းညီမင်းသား​အားလုံး အသတ်​ခံရ​ပြီ​ဟု မ​ထင်​လိုက်​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ အသတ်​ခံရ​ပါ​ပြီ​။ အဗရှလုံ​သည် မိမိ​နှမ​တာမာ​အဓမ္မပြု​ခံရ​သည့်​နေ့​မှစ၍ ဤ​အမှု​ကို ကြံစည်​ထား​နှင့်​ပါ​ပြီ​။ သို့ဖြစ်၍ အကျွန်ုပ်​၏​သခင် အရှင်မင်းကြီး​၏​စိတ်​ထဲတွင် ရှင်ဘုရင်​၏​သား​တော်​အားလုံး​သေ​ပြီ​ဟူသော​သတင်း​ကို မ​ယုံ​ပါ​နှင့်​။ အာမနုန်​တစ်ဦးတည်း​သာ သေ​ပါ​ပြီ​”​ဟု လျှောက်​လေ​၏​။ အဗရှလုံ​မှာ ထွက်ပြေး​သွား​နှင့်​ပြီ​ဖြစ်​၏​။ ကင်းစောင့်​လုလင်​တစ်​ဦး​သည် အနောက်ဘက်​သို့​မျှော်ကြည့်​ရာ တောင်စောင်း​လမ်း​တစ်လျှောက်​တွင် လူအုပ်ကြီး​လာ​နေ​သည်​ကို​မြင်​လျှင် ယောနဒပ်​က ရှင်ဘုရင်​အား “​ကြည့်​ပါ​။ ရှင်ဘုရင်​၏​သား​တော်​တို့ ပြန်လာ​ကြ​ပါ​ပြီ​။ ကျွန်တော်မျိုး​၏​စကား မှန်​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။ ယောနဒပ်​၏​စကား​ဆုံး​သည်​နှင့် ရှင်ဘုရင်​၏​သား​တော်​တို့​သည် ရောက်လာ​၍ အော်ဟစ်​ငိုကြွေး​ကြ​လေ​၏​။ ရှင်ဘုရင်​နှင့်တကွ မင်းမှုထမ်း​အပေါင်း​တို့​သည်​လည်း ပြင်းစွာ​ငိုကြွေး​ကြ​လေ​၏​။